လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

မြင့်မြတ်တဲ့ အသိလေး. . . September 4, 2013

Filed under: ခံစားမူရသ — လမင်းငယ် @ 4:32 am

လူကို လူလိုမြင်ခြင်းဟာ မြင့်မြတ်တဲ့အသိတစ်ခုပါ. . .
. . . . . .
. . . . . .
ကျွန်မ ရန်ကုန်မှာ ရှိနေစဉ်ကပေါ့. . တစ်နေ့ . . ကျွန်မသူငယ်ချင်းတစ်ယောက်နဲ့ ရုပ်ရှင်သွားကြည့်ပြီးအပြန် Bus နဲ့ပဲပြန်ကြမယ်ဆိုပြီး Mini Bus ပေါ်တက်လိုက်ကြပါတယ်. .ရန်ကုန်လိုင်းကားဆိုတာကလည်း သိကြတဲ့အတိုင်း လူက ကားပေါ်တောင်မရောက်သေးဘူး စွတ်ထွက်ဖို့ပြင်တော့တာပဲ. .ကျွန်မတို့လည်း ကားပေါ်ခြေချစပဲရှိသေး ကားက ရုတ်တရက်ဆောင့်ထွက်လိုက်တော့ ကျွန်မ ဟန်ချက်မထိန်းနိုင်တော့ပဲ လူက ယိုင်သွားပြီး ကိုင်ထားတဲ့ထီးနဲ့ ထိုင်ခုံပေါ်မှာထိုင်နေတဲ့ ကုလားတစ်ယောက်ရဲ့မျက်နှာကို ဖြတ်ရိုက်မိသွားတယ်. .သူ တော်တော်နာသွားလောက်ပါတယ်. .ကျွန်မလည်း အရမ်းအားနာသွားပြီး တောင်းပန်တာပေါ့. .သူက နာကျင်သွားပေမဲ့ အပြုံးလေးနဲ့ပဲ ရပါတယ်ညီမ မတော်တဆပဲဟာ လို့ပြောပါတယ်. .ကားပေါ်မှာရှိနေတဲ့လူတွေကတော့ ကျေနပ်တဲ့မျက်လုံးတွေနဲ့ပေါ့. .ကုလားဆိုတော့ လူမုန်းက ခပ်များများ မဟုတ်လား. . .
နောက်တစ်နေ့ ကျောက်မြောင်းမှတ်တိုင်မှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေခိုက် ကျွန်မနဲ့ ခပ်လှမ်းလှမ်းမှာ ဘုန်းကြီးတစ်ပါး သက်တော် တော်တော်ကြီးနေပြီ. .မိုးကလည်းရွာထားတော့ ပလက်ဖောင်းပေါ်မှာ ခြေချော်ပြီး လဲကျသွားပါတယ်. .ချက်ချင်းဆိုသလို အဲဒီ ဘုန်းဘုန်းကို သွားပြီး ကူညီထူမ ပေးလိုက်ကြတဲ့သူတွေက ကျွနိမတို့မြနိမာတွေမဟုတိပဲ ကျွန်မတို့အလွန်မုန်းပါတယ်ဆိုတဲ့ မူဆလင်ကုလားတွေဖြစ်နေခဲ့ပါတယ်. .
နောက်နှစ်ရက် သုံးရက်ကြာတော့ ကျွန်မ မြေနီကုန်းကိုသွားဖို့ တာမွေပလာဇာရှေ့မှာ ကားစောင့်နေတုန်း မိုးက ရုတ်တရက်ဆိုသလို ရွာချလိုက်ပါလေရော. .ကျွန်မလည်း ပါလာတဲ့ထီးလေးကို ထုတ်ဆောင်းပြီး ရပ်နေလိုက်တယ်. .အဲဒီအချိန်မှာပဲ ကောင်မလေးတစ်ယောက် ထမင်းချိုင့်လေးနဲ့ ထီးမပါလာတော့ အနီးမှာရှိနေတဲ့ ကွမ်းယာဆိုင်လေးထဲဝင်ခိုလိုက်တယ်. .သူဝင်ခိုလိုက်တဲ့အချိန်မှာပဲ အသံကြားလိုက်ရတယ်. .
‘ဟဲ့ ကောင်မလေး ထီးမပါဘူးလား ‘ တဲ့ ကောင်မလေးကလည်း . .
‘ ဟုတ်ကဲ့ မပါလာလို့ ခဏခိုမယ်နော် အဘွား’.တဲ့. . .
ညနေပိုင်းရုံးဆင်းချိန်ဆိုတော့လည်း ကားတွေကကျပ် မိုးကလည်း သည်းသည်းမည်းမည်းရွာနေတော့ ကားပေါ်ပြေးတက်ဖို့က တော်တော်လေး ခက်ခဲနေခဲ့ပါတယ်. .ကျွန်မကတော့ ကားစောင့်တာက နည်းနည်း မိုးရေခံချင်တာက များများဆိုတော့ ပေတေပြီး ရပ်နေခဲ့တာလေ အဲဒီအချိန်မှာပဲ ကွမ်းယာဆိုင်ထဲက အသံအကျယ်ကြီး ထွက်လာခဲ့တယ်. .
‘ဟဲ့ ကလေးမ ခုထိ နင့်ကားက မလာသေးဘူးလား နင် ငါ့ဆိုင်ရှေ့မှာ အကြာကြီးရပ်နေတာ ငါ့ဆိုင် လာဘ်ပိတ်တယ် ဟဲ့ ‘ဆိုတဲ့ အသံကြားလိုက်ရတယ်. .ကောင်မလေးလည်း ရုတ်တရက်ဆိုတော့ ကြောင်နေပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ပုံစံလေးဖြစ်နေတယ်. .ကျွန်မလည်း ဒေါသထွက်သွားမိတယ်. .ဟုတ်တယ်လေ ထီးမပါလို့ သူ့ဆိုင်လေးထဲကို ခိုမိတာ သားသမီးချင်း မြေးချင်းမစာ မနာ ပြောရက်တယ်ဆိုပြီး ဆိုင်ထဲကို ကြည့်လိုက်တယ်. .အသက် ၆၀ ကျော် ကုလားအဖွားကြီးတစ်ယောက်. .ကျွန်မလည်း ကောင်မလေးကို ‘ လာ ညီမလေး ဆိုပြီး ကျွန်မ ထီးထဲကို ခေါ်လိုက်တယ်. .ပြီးတော့ အဲဒီကုလားမ အဖွားကြီးကိုလည်း ပြောလိုက်တယ်. .’ အဖွားကလည်း ကိုယ့်မြေးချင်း ကိုယ်ချင်းမစာမနာ သူ့ခမျာ ထီးမပါလို့ ခဏခိုနေတာ ဘာဖြစ်လဲ. .အဖွား အတွက် ဘာများထိခိုက်သွားလို့လဲ ‘ ဆိုပြီးပေါ့. .အဲဒီအဖွားကြီးကလည်း အမြင်ကပ်ချင်စရာ ရန်ပြန်တွေ့ပါတယ်. .’ ဟဲ့ နင်က ဘာသိလို့ ဝင်ပြောနေရတာလဲ. .အဲဒီလို ငါ့ဆိုင်ရှေ့မှာ ပိတ်ရပ်နေတော့ ဆိုင်ကို ဝယ်စားချင်တဲ့သူတွေက ဘယ်ဝင်တော့မှာလဲ ငါက စီးပွားရေးလုပ်နေတာဟဲ့ ‘ တဲ့. .ဘေးကလူတွေကလည်း အဖွားကြီးကို မကျေနပ်တဲ့အကြည့်တွေနဲ့ ကြည့်နေကြပါပီ. .ကျွန်မလည်း ပြသနာ ပိုဆိုးသွားမှာစိုးလို့ ကောင်မလေးကိုခေါ်ပြီး ကားငှားထွက်လာလိုက်တယ်. .သူနဲ့လည်း လမ်းတူနေလို့ အဆင်ပြေသွားခဲ့ပါတယ်. .ဒီလိုပါပဲ ကုလားဆိုတဲ့လူတွေထဲမှာ ကောင်းတဲ့သူတွေရှိသလို ဖော်ပြပါ အဖွားကြီးလိုမျိုး ကိုယ်ချင်းမစာနာတတ်ပဲ ကိုယ့်အကျိုးကိုပဲကြည့်တတ်တဲ့သူတွေရှိတတ်ပါတယ်. .ကုလားတွေထဲမှာမှ မဟုတ်ပါဘူး. .ကျွန်မတို့ မြန်မာတွေမှာလည်း ရှိပါတယ်. .တကယ်တော့ လူ့ရဲ့စိတ်ဓာတ်ပါပဲ. .လူမျိုးဘာသာနဲ့မဆိုင်ပါဘူး. .လူတစ်ယောက်ချင်းဆီရဲ့စိတ်ဓာတ်နဲ့သာ ဆိုင်တာပါ. .ဗုဒ္ဓဘာသာမှ ကောင်းတယ်. .ခရစ်ယာန်မှကောင်းတယ်. .အစ္စလာမ်မှကောင်းတယ်. .ဟိန္နူ မှကောင်းတယ် ဆိုတာ မဟုတ်ပါဘူး. .အားလုံးက မကောင်းသလို အားလုံးကလည်း ဆိုးမနေပါဘူး. .တစ်ယောက်မကောင်းတာနဲ့ အားလုံးသိမ်းကျုံးပြီး မကောင်းဘူးလို့ မပြောသင့် မဆုံးဖြတ်သင့်ဘူးလေ. .ကျွန်မတို့မြန်မာလူမျိုးအများစုဟာ နားယောင်တတ်ကြတယ် အယုံလွယ်တတ်ကြတယ် သနားတတ်ကြပါတယ်. .တစ်ယောက်က ဒါ မကောင်းဘူးဆိုပြီး လှုံ့ဆော်လိုက်ရင် နည်းနည်းလေး သွေးထိုးလိုက်ရင် ဟုတ်တယ် အဲဒါ မကောင်းဘူး ဆိုပြီး ဖြစ်သွားတတ်ကြပါတယ်. .ဒီလို လှုံ့ဆော်ပြီး တကယ်တမ်း သတ်ဖြတ်ခဲ့ကြတာ နှစ်ဖက်စလုံး ထိခိုက်နစ်နာရတာပဲ မဟုတ်လား . .ကုလားနဲ့မြန်မာ အထိကရုံးဖြစ်လို့ နှစ်ဦးနှစ်ဖက်စလုံး အသက်တွေဆုံးရှုံးခဲ့ရတယ်. .ကြားထဲက မဆိုင်တဲ့သူတွေ နစ်နာ ပျက်ဆီးဆုံးရှုံးကြရတယ်. .ရန်ကို ရန်ချင်း တုန့်ပြန်နေရင် ဘယ်တော့များမှ ပြီးဆုံးမှာလဲ. .မုန်းပါတယ်ဆိုမှ ပိုပြီး မမုန်းမုန်းအောင် ပိုပြီး နာကျည်းအောင် သွေးထိုး တို့မီး ရှို့မီးတွေနဲ့ မီးလောင်ရာလေပင့် လုပ်နေကြတာကော အကောင်းတွေဖြစ်လာပါ့မလား. .လက်ညိုး မကောင်းရင် လက်ညိုးတစ်ချောင်းကိုပဲ ဖြတ်ပစ်ရမှာပါ. .ကျန်တဲ့လက် လေးချောင်းက လက်တစ်ခုတည်းဖြစ်နေတဲ့အတွက် အားလုံးကိုဖြတ်ပစ်ရမယ်ဆိုတာ အဓိပါယ်မရှိတဲ့လုပ်ရပ်ပါ. .ဒီလိုပဲ လူမျိုးစုတွေမှာ မကောင်းတဲ့သူတွေကိုပဲ သုတ်သင်ရမှာပါ. .မဆိုင်သူတွေကိုပါ သတ်ပစ်ကြမယ်ဆိုရင် ဒါဟာ ရက်စက်ရာ ကျမနေဘူးလား. .မြန်မာတွေသေလည်း အသ်က်တစ်ချောင်းပါပဲ. .ကုလားတွေသေလည်း အသက်တစ်ချောင်းပါပဲ. .အားလုံးက လူသားတွေပဲ မဟုတ်လား. .မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ အရမ်းကို ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရားကို ကိုင်းရှိုင်းကြတဲ့သူတွေပါ. . ဒါပေမဲ့ စိတ်မကောင်းစရာ .အဲဒီလူတွေထဲကပဲ ဗုဒ္ဓဘုရားရဲ့သားတော် ရဟန်းသံဃာတော်တွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ကြခဲ့တယ် မဟုတ်ဘူးလား. . ခရစ်ယာန်ဘာသာဝင်တွေဆိုတာကလည်း ချစ်ခြင်းမေတ္တာကို အခြေခံပြီး အရမ်းသိမ်မွေ့ကြတဲ့သူတွေပါ. .ဒါပေမဲ့ စိတ်မကောင်းစရာ အဲဒီလူတွေကပဲ လူ့အသက်တွေကို သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား. .ထိုနည်းတူစွာ အစ္စလာမ်ဘာသာဝင်တွေဟာ မိမိဘာသာကို အလေးနက်ထားပြီး မေတ္တာတရားရှိတဲ့သူတွေပါ. .ဒါပေမဲ့ စိတ်မကောင်းစရာ အဲဒီသူတွေကပဲ ကိုယ့်လူမျိုးအချင်းချင်း လူ့အသတ်တွေကို လူသားမဆန်စွာ သတ်ဖြတ်ခဲ့ကြတယ် မဟုတ်လား. .ဒါဟာ ဘယ်ဘာသာ ဘယ်လူမျိုးမှာမဆို ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ရှိတယ်. .အားနည်းချက် အားသာချက် ကိုယ်စီရှိကြတယ် မဟုတ်လား. .လက်ခုပ်ဆိုတာကလည်း နှစ်ဖက်တီးမှ မြည်တဲ့အရာပါ. .တစ်ဦးကိုတစ်ဦး အမြင်မကြည်တဲ့အကြည့်တွေ ရန်ဆောင်တဲ့အကြည့်တွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားနေမယ်ဆိုရင် ဒီလောကကြီးက အေးချမ်းသာယာပါ့မလား. .ဖြူစင်စိတ်ထား မေတ္တာပွားပြီး ကိုယ်ချင်းစာနာတတ်ဖို့ လူကို လူလိုမြင်တတ်ဖို့ ကျွန်မတို့ရဲ့မျက်လုံးတွေ အလင်းရသင့်ပါပြီ. .အမြင်ကြည်လင်သင့်ပါပြီ. .
မြန်မာတွေလည်း လူ စစ်စစ်ပါပဲ. .ကုလားတွေဆိုတာလည်း လူစစ်စစ်ပါပဲ. .
ဘယ်အရာကိုမဆို အကောင်းဘက်က မြင်တတ်မယ်ဆိုရင် အဆိုးတွေအားလုံး မပျောက်သွားသည့်တိုင် လျော့နည်းသွားမှာ သေချာပါတယ်
(မည်သည့်ဘာသာ မည်သည့် လူမျိုးကိုမှ စော်ကားခြင်းမဟုတ် လူကို လူလို မြင်တတ်စေရန်သာ. .)
. . . . . . .
. . . . . .
. . . . . .

လမင်းငယ်

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s