လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

ခြောက်လှန့်ခဲ့တဲ့ အတိတ်ရဲ့ တစ်စိတ်တစ်ဒေသ.. March 13, 2013

Filed under: အတွေ့အကြုံလေးများ — လမင်းငယ် @ 10:59 pm

အိမ်မက်ဆိုးတစ်ခုက နိုးထ လွတ်မြောက်ခဲ့ပြီ..တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းသော အဖြစ်ပျက်ကြားမှ ထိုးဖောက်ခွင့်ပေးတဲ့ ရောက်ရှိလာတဲ့ နံနက်ခင်းလေးကို ကျေးဇူးတင်မိတယ်..မနက်သာ မိုးမလင်းရင် ငါလည်း ကြောက်မက်ဖွယ်ရာကောင်းတဲ့ အိမ်မက်ဆိုးတစ်ခုကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလေ…
“၀ုန်း” ဆိုတဲ့ အသံ တုန်ခါမှုနဲ့အတူ ကောင်းကင်းယံမှာ လျှပ်စီးတွေ တစ်ဖျပ်ဖျပ်လက်နေခဲ့တယ်..
ချမ်းအေးလှတဲ့ ဆောင်းအ၀င် နိုဝင်ဘာလ…
ဒါ..မိုးတွင်းလည်း မဟုတ်..မိုးခြိမ်းစရာအကြောင်းလည်းမရှိ..အိပ်မောကျနေတဲ့ညကို အသက်သွင်းလိုက်တယ်..ရုတ်တရက်ထပြီး အပြင်ကိုထွက်လိုက်တယ်..လမ်းမထက် လူတွေက ရုတ်ရုတ်သဲသဲ ဆောက်တည်ရာမရ ပြေးလွှား ခိုပုန်းစရာကိုရှာလျှက်..
ထပ်မံကြားလိုက်ရတဲ့ အသံ…“၀ုန်း”
မိုးချုန်းသံမဟုတ်..လျှပ်စီးလက်နေခြင်းမဟုတ်…ကြီးမားတဲ့အမြောက်သံနဲ့ ကျည်ဆံတွေ ကောင်းကင်ယံမှာ ပျံဝဲနေကြခြင်းသာ…
ကချင်ပြည်နယ်ရဲ့ စစ်ပွဲတစ်နေရာ..
အဲဒီတုန်းက ငါ အဲဒီနေရာကို ရောက်ရှိနေခဲ့တယ်..စိုးရိမ်ကြောက်လန့် တုန်လှုပ်ခြောက်ချားနေတဲ့ လူတွေရဲ့မျက်နှာ..ကလေးငယ်များရဲ့အော်ဟစ်သံ..
ကြယ်စင်လေးတွေက ကောင်းကင်ထက်မှာ လင်းလက်တောက်ပဆဲ..လမင်းကြီးကလည်း သူနဲ့ မဆိုင်သလို ထိန်လင်းပြီး ညအမှောင်ကို အလင်းရောင်ဖြန့်ပေးလို့…မြေပြင်တစ်နေရာမှာသာ..
လုံခြုံတယ်လို့ထင်ရတဲ့ မြေအောက်ခန်းတစ်နေရာမှာ ငါ တို့တွေရောက်ရှိနေခဲ့တယ်..(ငါတို့စိတ်ကသာ လုံခြုံတယ်ထင်ရတာပါ..တကယ်တမ်း လက်ပစ်ဗုံးလေးတစ်လုံးသာ ကျလာခဲ့ရင် ငါတို့တွေ ခိုအောင်းနေတဲ့ တိုက်လည်း ပြိုရမှာပဲ) ..
မနက်ဖြန်ဆိုတာ ငါ့ အတွက် မသေချာတော့ဘူး..ဒီညပဲ ကျည်ဆံတွေကြောင့် အမြောက်တွေကြား သေသွားနိုင်တယ်လေ..တယ်လီဖုန်းလိုင်းလေးကလည်း မရတော့ဘူး..hand ph လေးကို စိုက်ကြည့်နေမိခဲ့တယ်..ငါ ကြားချင်တဲ့ ငါ့ ချစ်ရသူတွေရဲ့အသံလေးတွေတောင် နောက်ဆုံးအနေနဲ့ ကြားခွင့်ရှိပါတော့မလား..ပါးပြင်ထက် မျက်ရည်တွေ လိမ့်ဆင်းလာခဲ့တယ်..မိသားစုရဲ့မျက်နှာပေါင်းများစွာကို မြင်ယောင်လာမိတယ်..သွားပြီ..ငါတော့ သွားပြီ..ရင်ထဲမှာဆို့တက်လာပြီး ကြောက်ရွံခြင်းတွေက သွေးကြောတွေထဲ စီးဆင်းသွားတယ်…မျက်ရည်တွေ..မျက်ရည်တွေ..ဟင့်အင်း..ငါ မငိုဘူး..ကြိတ်မှိတ်လို့ ဆုတောင်းနေမိတယ်..ဒီတစ်ညကို အသက်ရှင်လျှက် လွန်မြောက်ခွင့်ပေးပါ..ကိုယ့်စိတ်ကိုယ်ကို အားတင်းရင်းနဲ့ပဲ တားဆီးမရတဲ့ မျက်ရည်ပေါင်းများစွာ..ဘေးနားကသူတွေကိုကြည့်မိတော့ သူတို့လည်း မျက်ရည်စလေးတွေနဲ့ အားပေးတဲ့အပြုံးကို ပြုံးပြလို့…ငါတို့ လူစုလေးတွေ မြေအောက်ခန်းလေးမှာ နေရပေမဲ့ တစ်ချက်တစ်ချက် တုန်ခါခြင်းနဲ့ အမြောက်သံ..ကျည်ဆံသံတွေ အဆက်မပြတ်ကြားနေရဆဲ…စစ်ကြီးရယ်..ရပ်ပါတော့..တိုးတိတ်ဆုတောင်းနေတဲ့ ငါ့ ရင်ထဲက ဆုတောင်းသံ…မနက်ဖြန်ကို ငါ မြင်ချင်သေးတယ်လေ…
ဒီလိုနဲ့ ပစ်ခတ်သံတွေကြား..ငါ တို့ လွန်မြောက်ခွင့်ရခဲ့တယ်…ငါ မြင်ချင်တဲ့ မနက်ဖြန်မှာ ငါ အသက်ရှင်ခွင့်ရခဲ့တယ်…
ဒဏ်ရာရတဲ့ လူတွေ..အိုးအိမ်မဲ့လူတွေ…အနာဂတ်မဲ့သွားတော့မဲ့ကလေးတွေ…သူတို့တွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲ..အတ္တတစ်ခုကိုရှေ့တန်းတင် အနိုင်မခံ အရှုံးမပေး တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်တိုက်ပွဲဆင်နေကြတဲ့ သူတွေကြား မြေစာပင်လေးတွေဖြစ်ခဲ့ရပြီ…ဘောလုံးကွင်းမှာ လူတွေပြေးလွှားနေကြတယ်..သူတို့ အနိုင်ရရှိရေးအတွက်ပေါ့..အခုတော့ ဒီက ကွင်းပြင်မှာလည်း လူတွေ ပြေးလွှားနေရတယ်..သူတို့ပြေးလွှားနေရခြင်းက အနိုင်ရဖို့မဟုတ်..မိမိရဲ့အသက်တစ်ချောင်းအတွက် ပြေးလွှားနေရခြင်းသာ…အော်…ငါ လည်း ပြေးလွှားခဲ့ဖူးတာပဲ…
ဒီလိုနဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့နေ့တွေကို တစ်ရက်ပြီး တစ်ရက် ဖြတ်ကျော်ရင်း….
…………………………………..
…………………………………………
………………………………………………….
………………………………………………
ရင်တွေပူလိုက်တာ…တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်ပြီး..မောပန်းစွာနဲ့ နိုးထလာခဲ့တယ်..အော်..တစ်ချိန်က စစ်မြေပြင်ကို ငါ ပြန်ရောက်သွားတာပါလား…မျက်နှာလေးတွေ…. ၀မ်းနည်းထိတ်လန့်နေတဲ့ ငိုကြွေးသံတွေ နားထဲ ကြားယောင်လာမိတယ်..အနာဂတ်မဲ့နေတဲ့ ဖြူစင်အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေ…ဒီအချိန်ဆို သူတို့ အဆင်ပြေပါ့မလား..စစ်ပွဲတွေကော ရပ်စဲသွားပြီလား..ငြိမ်းချမ်းပါစေ ကချင်မြေရေ…ခြောက်လန့်နေဆဲ အတိတ်ရဲ့ အရိပ်ဆိုးတစ်နေရာက ကြိုးစားရုန်းထွက်ရင်း…လူသားအားလုံးငြိမ်းချမ်းပါစေ…ပစ်ခတ်နေတဲ့ စစ်ပွဲတွေလည်း ရပ်တန့်ပါစေ…ပန်းလေးများလည်း ပွင့်နိုင်ပါစေ….
လမင်းငယ်
14.3.2013 9:42 pm

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s