လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

သမီးလေးအတွက် ဖိနပ် နီနီ… January 8, 2013

Filed under: ခံစားမူရသ — လမင်းငယ် @ 11:29 pm

ပူပြင်းသော နေရောင်အောက်တွင် အ၀တ်မပါ..မည်းပြောင်နေသောကျောပြင်..တောက်လျှောက် ရေကဲ့သို့ စီးကျနေသော ချွေးစက်များကို အံတုလျှက်.ပင်ပန်းနေသော်လည်း သူ့ခမျာ မငြီးငြူ..ဒီနေ့အတွက် လုပ်ခ ပိုရရှိရေးအတွက်သာ..သူချစ်သော သမီးလေးအတွက်..သမီးလေးဟု တွေးလိုက်ရုံနှင့်ပင် ပင်ပန်းသမျှ ပျောက်သွားခဲ့ရသည်။ ပြင်းထန်သော အားတစ်ခုပင်.သမီးလေးသည်သာ သူ့ဘ၀လေ..သမီးလေးက သူ့အား ဖိနပ်သစ်လေးတစ်ရံဝယ်ပေးဖို့ ပူဆာထားသည်။ အတော်တန်ဟောင်းနွမ်းနေသော သမီးလေးခြေဖ၀ါးထက်မှ ဖိနပ်လေးကို မြင်ယောင်မိရွေ့ ကရုဏာ သက်မိသည်။ “အဖေ ညနေ ၀ယ်လာခဲ့ပေးမယ်“ ဟု ပြောလိုက်စဉ် ပြုံးပျော်သွားသော သမီးလေးရဲ့ ချစ်စရာ မျက်နှာ နုနုလေးကို မြင်ယောင်မိသည်။
ဆိပ်ကမ်းမှ ဆန်အိတ်များကို နှစ်အိတ်ဆင့်ထမ်းပြီး ကုန်ကားကြီးပေါ်သို့ မမောနိုင် မပန်းနိုင် တင်နေသည်။ ဆန်အိတ်ရေ များများပိုတင်နိုင်မှ ပိုက်ဆံပိုရမည် မဟုတ်လား..နောက်ပြီး ဒီနေ့ သူ့လုပ်အားခလေးပိုရမှ ဖြစ်ပေမည်။ ပိုရသောလုပ်အားခ လေးနှင့်ပင် သမီးလေးအတွက် ဖိနပ်သစ်လေးတစ်ရံဝယ်ပေးရမည်။ ဖိနစ်သစ်လေးကိုရလိုက်သောအခါ ပြုံးပျော်သွားမည့် သမီးလေး၏မျက်နှာလေးကိုမြင်ချင်မိသည်။ ထိုးအားတွေနှင့်ပင်…ဆန်အိတ်ရေပေးသောသူကလည်း..
.. “ ဟာ ကိုသာအေးကြီး သွက်လှချည်လားဗျ..ခင်ဗျားကိုကြည့်ရတာ မမောသလိုပဲ..နားနားပြီးမှ သယ်ပါဗျာ..ခဏနေ ခင်ဗျားတစ်ယောက်တည်းကိုပဲလုပ်ခရှင်းပေးနေရလို့ အခြားသူတွေကို မရှင်းပေးနိုင်ပဲနေပါအုံးမယ်ဗျာ”…ဟုပင် နောက်ယူရသည်။ မိမိမှာ ဘာမျှပင် မတုန့်ပြန်အား ပြုံးရုံသာပြုံးပြီး ဆန်အိတ်များကိုသာ မနားတမ်းတင်နေသည်။
လုပ်ခရှင်းတော့လည်း..
…“ဟာ ကိုသာအေးတို့များ နှစ်ယောက်စာယူတာဗျိုး”…ဟုပင်…
ဘာပြောပြော သူ လုပ်ခပိုရလေပြီ..ဒီနေ့ ညနေစာအတွက် ဆန်ဖိုး မနက်ဖြန်မနက်အတွက် ဆန်ဖိုးဈေးဖိုးလေးဖယ်ပြီး ကျန်တဲ့ပိုက်ဆံကို သမီးလေးပူဆာထားသော ဖိနပ်လေးကို ၀ယ်ပေးနိုင်ပေတော့မည်။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ထိုနောက် သူ့ခြေလှမ်းများက ဖိနပ်ဆိုင်လေးဆီသို့…
ဖိနပ်ဆိုင်လေးသို့ ၀င်လိုက်ရင်း သူ၏မျက်လုံးများက ကလေးဖိနပ်လေးများဆီသို့ လျှောက်ကြည့်နေခိုက်..
.. “အစ်ကို ကလေးဖိနပ်လိုချင်လို့လား ဘယ်နှနှစ်အရွယ်လဲ”…ဟု ဆိုင်မှ အရောင်းကောင်မလေးက မေးလေသည်။
..“အင်း ညီမလေး ၅ နှစ်အရွယ် မိန်းကလေးစီးဖိနပ်လှလှလေး တစ်ရံလိုချင်လို့”…ဟု ဆိုလိုက်သောကြောင့် ထိုကောင်မလေးက ဖိနပ်လေးများကို တစ်ရံပြီး တစ်ရံထုတ်ပြလေသည်။
.“.ဖေဖေ ဖိနပ် အလီရောင်လေးနော်“..ဟု အနီရောင်ကို စကားမပီမသအသံလေးဖြင့်မှာရှာသော သမီးလေး အသံကို ကြားယောင်မိကာ..
.“.ညီမလေး..အနီရောင်ထဲက လှလှလေးတစ်ရံပြပေး”…
ဟုဆိုကာ သူမထုတ်ပြသောဖိနပ်အနီရောင်များထဲမှ ဖိနပ်ထိပ်လေးတွင် ပန်းပွင့်လေးဖြင့်ပြုလုပ်ထားသော အနီရောင်ဖိနပ်လေးကိုရွေးလိုက်သည်။ ဖြူနုသော သမီးလေး၏ ခြေတောက်လေးနှင့် ထိုဖိနပ်လေးမှာ မည်မျှတောင် လိုက်ဖက်လိုက်မည်နည်း…
ထိုအတွေးလေးနှင့် ဆိုင်ထဲမှ ထွက်လာစဉ် လမ်းထောင့်တွင် ရုတ်တရက် ကားတစ်စီးးး
“ ဒုန်း ”..
“အား ”…
သူ ကိုင်ထားသော ဖိနပ်ထုပ်လေးမှာ လေထဲသို့ ၀ဲပျံလျှက်..
သူ့အတွေးထဲတွင် ဖိနပ်နီနီလေးက သမီးလေးရဲ့ ဖြူနုလှပသော ခြေထောက်လေးထက်မှာ…ဟင်..သမီးလေးရဲ့ ကျောင်းစိမ်းဂါဝန်လေးတောင် ဟောင်းနေပြီပဲ..အသစ်ဝယ်ပေးအုံးမှ…လွယ်အိတ်လေးလည်း နွမ်းနေပြီ..ငါ ဆန်အိတ်တွေကို ဒီထက်များများပိုထမ်းပြီး သမီးလေးကို ၀ယ်ပေးရမယ်…
သမီးလေး အတွက်..
သမီးလေး….
ငါ့…သ…….မီး…………လေး……..

ဆန်အိတ်ထမ်းသော နေ့စားအလုပ်သမားဖခင်တစ်ယောက်ရဲ့ မေတ္တာကို မျှဝေခံစားလျှက်..
လမင်းငယ်…

Advertisements
 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s