လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

April Fool ! March 26, 2012

Filed under: ၀တ္ထုတိုလေးများ — လမင်းငယ် @ 3:53 am

သစ်ရွက်လေးများ ညိုးနွမ်းခြောက်သွေ့ကာ မြေပြင်ပေါ်သို့ ဆင်းသက်ရလေပြီ..ပူပြင်းလှသော နွေရာသီ..ထိုသို့သော နွေ၏ အပူဒဏ်ကို အံတုကာ ကျွန်မ..ခြံထဲရှိ အေးမြမှုကို ပေးစွမ်းနိုင်သော သရက်ပင်ကြီးအောက်ရှိ ဒန်းလေးပေါ်တွင် အေးအေးလူလူစာအုပ်ဖတ်ရန် ဆင်းလာခဲ့သည်။ ထိုဒန်းလေးပေါ်သို့ထိုင်ပြီး စာအုပ် ဖတ်ကာစပင်ရှိသေး..
“အန်တီလေး ဖုန်း..“
ဟု ဆိုသော လေးနှစ်အရွယ် တူမလေး၏ခေါ်သံကြောင့် ဖတ်လက်စ စာအုပ်လေးကိုထားကာ..မထချင် ထချင်ပဲထပြီး တယ်လီဖုန်းရှိရာ ဧည့်ခန်းလေးဆီသို့ လျှောက်သွားလိုက်သည်။ ဘေးချထားသောဖုန်းလေးကို ကောက်ကိုင်စဉ်မှာပဲ တူး တူး ဆိုသောအသံကိုသာကြားရသဖြင့် ကျွန်မ သိလိုက်သည်။ ထိုစဉ်မှာပင် ကိုကိုကြီး၏ April Fool ဟု ကျယ်လောင်သော အော်သံနှင့်အတူ အားလုံး၏ ရယ်မောထောမနာသံကိုပါ ကြားလိုက်ရသည်။ ကျွန်မလည်း ရှက်ရမ်းရမ်းရင်း…
။ ကိုကိုကြီးနော်..ကိုယ့် ညီမလေးရုံးပိတ်ရက်လေးမှာ နားနားနေအနားယူနေတာကို နှောင့်ယှက်ရက်တယ်..ဟုဆိုပြီး ပြန်လှည့်ထွက်လာလိုက်လေသည်။
ဟေ့ April fool နော် စိတ်မဆိုးရဘူးလေ ညီမလေးရဲ့..ဟုဆိုသော ကိုကိုကြီး၏စကားနှင့်အတူ ရယ်သံတွေကိုပါ ကျောခိုင်းပြီး ဒန်းလေးပေါ်သို့ ပြန်ထိုင်ကာ သက်ပြင်းတစ်ခုကို ဖြည်းညင်းစွာချလိုက်မိသည်။ ကျွန်မ၏အတွေးများက လွန်ခဲ့သော အတိတ်ကာလတစ်ခုဆီသို့ စီးမျှောသွားခဲ့သည်။
ဆန်းကြယ်လှသော ကံကြမ္မာ၏ လှည့်ကွက်တစ်ခုစီသို့….

ကျွန်မတွင် အလွန်ချစ်ရသော သူငယ်ချင်းနှစ်ယောက်ရှိသည်။ နဒီဆိုသော ကောင်လေးနှင့် မြတ်နိုးဆိုသော သူငယ်ချင်းမလေးပင်။ ကျွန်မတို့သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက် အလွန်သံယောဇဉ်ရှိကာ ငယ်စဉ်လေးကတည်းက အတူကြီးပြင်းလာကြသော အိမ်နီးချင်းများလည်းဖြစ်သည်။ မိဘချင်းလည်း ခင်ခင်မင်မင်ရှိကြသည်။ ထို့ကြောင့် သွားအတူ လာအတူ စားအတူနှင့် မခွဲတမ်း အမြဲတွဲဖြစ်ကြသည်။ နဒီ နှင့် မြတ်နိုးမှာမူ ကျွန်မတို့ တက္ကသိုလ် နောက်ဆုံးနှစ်ရောက်မှသာ အဖြူရောင်သူငယ်ချင်းသံယောဇဉ်ကို ကျော်လွန်ကာ ချစ်သူဘ၀သို့ အော်တို ကူးပြောင်းသွားခဲ့ကြသည်။ ထိုသို့ ကူးပြောင်းသွားသော်လည်း ကျွန်မတို့ သုံးယောက်မှာ မခွဲ တွဲမြဲပင်ဖြစ်သည်။ မိဘများကလည်း သူတို့ကို သဘောတူထားကြ လေသည်။ မြတ်နိုး သည် အစ အနောက် အလွန်သန်ပြီး ပျော်ပျော်နေတတ်သူ။ သူ့ကိုကြည့်လျှင် အမြဲ လွတ်လပ်ပေါ့ပါးနေပြီး ပျော်ပျော်ရွှင်ရွှင်နှင့် အလွန်ချစ်စရာကောင်းသူလေးပင်ဖြစ်သည်။ သူမ စ နောက်လျှင်လည်း အတည်ပေါက်နှင့် ယုံအောင် စ တတ်သည်။ သူ စနေသည်ကို သတိထားရင်းပင် ယုံမိသူချည်း။ ထိုသည်ပင် သူမ ၏ပါရမီ..မြတ်နိုးချစ်သူ နဒီမှာ မူ မြတ်နိုးနှင့် ဆန့်ကျင်စွာ တည်ငြိမ်အေးဆေးပြီး အယုံလွယ်သူ..မြတ်နိုးစ နောက်သမျှကို အမှတ်မရှိ အမြဲ ယုံနေသူ..မြတ်နိုး၏ အဓိက သားကောင်။
မြတ်နိုးသည် မည်မျှ အစ နောက်သန်လည်း ဆိုလျှင်..တစ်ခါက…
မြတ်နိုးသည် ညိုးငယ်သော မျက်နှာလေးနှင့် မျက်ရည်လေးများဝဲကာ တုန်ယင်သောအသံဖြင့် နဒီအား..
္ဒ“ နဒီရယ်..မြတ်နိုးကို..မြတ်နိုးကို မေ့လိုက်ပါတော့နော်.“.။ ဟုဆိုပြီး ငိုလေသည်။
နဒီလည်း ခြေမကိုင်မိ လက်မကိုင်မိ ထိတ်လန့်စွာဖြင့် …
မြတ်နိုး ဘာတွေ ပြောနေတာလဲ..ဘာလို့ ကိုယ်က မြတ်နိုးကို မေ့ရမှာလဲ..ကိုယ့်ကို အသေချာပြောပြပါကွာ..ဟုဆိုတော့ မြတ်နိုးက မျက်ရည်များကိုသုတ်ပြီး တည်ငြိမ်သောအသံဖြင့်..
`နဒီ မြတ်နိုးပြောတာ သေချာနားထောင်ပါ..ပြီးရင် မြတ်နိုး ဆုံးဖြတ်ချက်ကို လက်ခံပါ​`
နဒီသည် တစ်ခုခုပြောမည်ပြင်တော့ မြတ်နိုးက လက်ကာပြီး..
`မြတ်နိုးပဲ ပြောပါရစေ..မြတ်နိုးပြောတာ ဆုံးအောင်နားထောင်ပါ..
နဒီမှာ အမိန့်နာခံသော စစ်သားတစ်ယောက်လိုပင် မြတ်နိုး မျက်နှာလေးကိုသာ ငေးကြည့်ပြီး ပြောလာမည့်စကားကို အာရုံစိုက်နေလေသည်။ မြတ်နိုးက ဆက်ပြီး..
`အခု မြတ်နိုး မိန်းကလေးရောဂါတစ်ခုကြောင့် သားအိမ်ထုတ်လိုက်ရပြီ နဒီ၊ ဟိုတလောက မြတ်နိုး ခဏ ခဏဗိုက်အောင့်နေတာ နဒီ သိတယ်မဟုတ်လား..အဲဒါ ဆေးခန်းသွားပြတော့ မြတ်နိုး Operation ၀င်လိုက်ရတယ်..ဒီလောက်ဆို နဒီ သဘောပေါက်လောက်ပါပြီ..မြတ်နိုးလေ နဒီအတွက် ရင်သွေးလေးတွေ မမွေးပေးနိုင်တော့ပါဘူး..အဲဒါကြောင့် အဲဒါကြောင့် ဆိုပြီး တွင်တွင် ငိုလေတော့သည်။
နဒီမှာ ပျာပျာသလဲနှင့်..
`အာ..မြတ်နိုးကလည်း မြတ်နိုး ကလေးမရနိုင်တာနဲ့ ကိုယ် မြတ်နိုးကို မေ့ပစ်လိုက်ရမှာနဲ့ ဘာဆိုင်လို့လဲ..ကိုယ် မြတ်နိုးကို ဘာဖြစ်ဖြစ် ချစ်တာပါ.နော် မြတ်နိုး ကိုယ်မြတ်နိုးကို ဘာအကြောင်းကြောင့်မှ မစွန့်လွတ်ဘူးနော်..` ဟု ဆိုပြီး မြတ်နိုးကို ရင်ခွင်ထဲသို့ သွင်းထားလိုက်သည်။
မြတ်နိုးသည် မျက်ရည်များကြားထဲက အပြုံးပန်းတစ်ပွင့်ကို ပန်ဆင်လိုက်ပြီး..ရင်ခွင်ထဲမှ ထွက်ကာ..
` နဒီရယ် မြတ်နိုးကို အဲဒီလောက်ထိ ချစ်တာပဲလားဟင်..ဒါပေမဲ့ နဒီ သေချာစဉ်းစားပါ..မြတ်နိုးလည်း စဉ်းစားမယ်..စဉ်းစားချိန်တစ်ပတ်အတွင်း မြတ်နိုးတို့ မတွေ့ကြဘူးနော်..ဆိုပြီး နဒီ့ထံမှ ပြေးထွက်လာခဲ့သည်။
ထိုအချိန်မှစရွေ့ နဒီမှာ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေနှင့် ဖြစ်သွားလေသည်။ ကျွန်မကိုလည်း စကားမပြောတော့…မြတ်နိုးသည်လည်း အံ့သြစရာကောင်းလောက်အောင် ငြိမ်ချက်သားကောင်းနေပြီး အိမ်တွင်းပုန်းနေလေသည်။
ကျွန်မလည်း မြတ်နိုးဆီသို့သွားကာ အခြေနေကို မေးတော့မှ အကြောင်းစုံကို သိရတော့သည်။ မရွှေချော ပြောပုံကိုလည်းကြည့်အုံး..
`ဟီး..ငါ နဒီကို နောက်ထားတာဟ..နဒီရယ် မြတ်နိုးမှာ အမျိုးသမီးရောဂါကြောင့် သားအိမ်ထုတ်ထားရပါပြီ..အဲဒါကြောင့် မေ့လိုက်ပါတော့ ဆိုပြီးတော့လေ..နောက်ပြီး ပိုပီပြင်အောင် အိမ်တွင်းပါ ပုန်းနေလိုက်တာ.အိမ်တွင်းပုန်းရတာ ပျင်းတော့ ပျင်းသား..ဟီး ` တဲ့..အဲဒီအကြံကို ဘယ်က ရလဲဆိုတော့..ကျန်းမာရေးစာစောင်တစ်ခုထဲက ၀တ္တုတစ်ပုဒ်ထဲကပါ တဲ့..ပြီးတော့ ဆက်ပြောသေးသည်။
` စိတ်မပူပါနဲ့ဟာ နဒီက ငါ ချစ်လို့စတာပါ ဆိုပြီး ချော့လိုက်ရင် ပြန်ပြေလည်သွားမှာပါ ` ဆိုတဲ့အတိုင်းပင် တစ်ပတ်ပြည့်တော့ သူတို့နှစ်ဦး ပြန်လည် ပြေလည်သွားတော့သည်။
အစ နောက်သန်သော မိမြတ်နိုး အမှတ်မရှိ အယုံလွယ်သော မောင်နဒီ နှင့် သူတို့ကြားထဲက ကျွန်မ တို့မှာ စ ရင်း နောက်ရင်း အချိန်တွေကုန်ဆုံးရင်းနှင့်…
တစ်နေ့..
မထင်မှတ်သောနေ့..ချစ်သူနှစ်ဦးကို ရက်စက်စွာခွဲခွာစေသောနေ့..သာယာလှပသောနေ့လေးမှ အကျည်းတန်သော နေ့လေးအဖြစ် ပြောင်းလဲသွားသည့်နေ့…
ဧပြီ 1 ရက်နေ့…
ထိုနေ့က လွန်စွာမှ သာယာနေခဲ့ပါသည်။ နွေဆိုပေမဲ့လည်း ပြင်းပြင်းထန်ထန်ပူအိုက်ခြင်းမရှိခဲ့..မှတ်မှတ်ရရပင် သင်္ကြန်အကြိုမိုးလေးပါ သွန်းဖြိုးပေးခဲ့သေးသည်။
ထိုနေ့တွင် ကျွန်မတို့ မတွေ့တာကြာပြီဖြစ်သော တက္ကသိုလ်မှသူငယ်ချင်းများနှင့် မြတ်နိုးအိမ်တွင် မုန့်လုပ်စားရန် ချိန်းထားသောကြောင့် မြတ်နိုးအိမ်တွင် သူငယ်ချင်းများနှင့် စီကားနေခဲ့သည်။
ကျောင်းတုန်းက အဖြစ်ပျက်များကို ပြန်လည်ပြောကာ ရယ်မောနေကြသည်။ ထိုအခိုက်..သင်းသင်းဆိုသော သူငယ်ချင်းမှ..
`ဟဲ့ မြတ်နိုး ဒီနေ့ ဘာနေ့လဲ သိလား `
`တနင်္ဂနွေ ` ဟု မေလှိုင် က ဖြေသည်။ မြတ်နိုးက
`အင်း တနင်္ဂနွေ နေ့လေ..ဘာဖြစ်လို့လဲ..` ဆိုတော့ သီရိ ဆိုသူလေးက
`ဟာာ မြတ်နိုးရယ်..ဒီကမ္ဘာပေါ်မှာ နင့်လောက် အစနောက်သန်တာ နင်ပဲရှိတယ်..နင်က ဒီနေ့ကိုများ မေ့ရတယ်လို့..အံ့ပါရဲ့ အံ့ပါရဲ့..ဆိုပြီး ဒေါ်မြလေး အိုင်တင်နှင့် ပြောလေသည်။
ထိုအခါမှ မြတ်နိုးက..
` အား..ဒီနေ့ April Fool ပဲ..ဟုတ်ပါရဲ့ မေ့နေတဲ့ ငါ့ ဦးနှောက်ကို မုန်းလိုက်တာ..ဟိ..ဘယ်သူ့ကို စ နောက်ရရင် ကောင်းမလဲ ဆိုပြီး ကျွန်မကို ကြည့်လေသည်။ မဟာ့ မဟာ ကံထူးရှင်ကတော့ မြတ်နိုး၏ သားကောင် နဒီပဲဖြစ်လိမ့်မည်ဟု တွေးနေစဉ် အတွေးပင် မဆုံးလိုက်ရ..
`ဟုတ်ပြီ..နဒီ့ကို နောက်ရမယ်..ဒီတခါတော့ တကယ့်အပီပြင်ဆုံးနဲ့ တစ်သက်လုံးအမှတ်ရနေအောင် နောက်မယ်..အဲ ဘယ်လိုနောက်ရမလဲဆိုတာ ငါ့ ကို အကြံပေးကြအုံး` ဟု ဆိုလေသည်။ သင်းသင်းက..
`နင်ပဲ အဲဒီလိုညာဏ်တွေမြူးတာ မြတ်နိုးရဲ့..ငါတို့က မရဘူး..အဲဒီတော့ နင်ပဲ စဉ်းစား..ငါတို့က ကူညီမယ်..ဟုတ်တယ်နော်..` ဟုဆိုပြီး သူငယ်ချင်းများဖက်လှည့်ကာ ထောက်ခံမှု ယူလေသည်။ အားလုံးကလည်း ပြိုင်တူပင် ခေါင်းညိတ်ကြသည်။ မြတ်နိုးသည် ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက်ကာ စဉ်းစားနေသည်။ သူမ ပုံစံက ရှားလော့ဟုမ်း လိုလိုပင်..ရုတ်တရက်..
`ဟာ အကြံရပြီ..ဆိုပြီး ဦးစံရှား အိုက်တင်နှင့် ကျွန်မကို လက်ညိုးထိုးကာ..
`ယမင်း နင် နဒီ့ဆီဖုန်းဆက်..အခု နဒီ သူ့အိမ်မှာ မရှိဘူး..မြို့ထဲက သူ့အဘွားအိမ်ရောက်နေတယ်..ဒီနေ့ မပြန်လာသေးဘူးတဲ့..“
`အင်း ဆက်ပြီး ဘာပြောရမှာလဲ“
“ဒီလိုလေဟာ..နင်က အိုက်တင်တော့ ပိုင်ရမယ်နော်…နဒီ မြတ်နိုးလေ..ကားအက်စီးဒင့်ဖြစ်လို့ အခု ဆေးရုံကြီးမှာဆိုပြီး အသံ တုန်တုန်ယင်ယင်နဲ့ ပြောရမယ်` ဟု ဆိုတော့ ကျွန်မ ချက်ချင်းပင်.
`အာ..မြတ်နိုးကလည်း အဲဒီလိုတော့ မနောက်ပါနဲ့ဟာ..နမိတ်မရှိပါဘူး..ပြီးတော့ နင်တို့က မကြာခင်ပဲ မင်္ဂလာဆောင်တော့မှာ အဲဒီလိုနောက်လို့ မကောင်းပါဘူးဟာ..`ဟုဆိုရာ ကျန်တဲ့ သူငယ်ချင်းများကလည်း ကျွန်မစကားကို ထောက်ခံ ကြသည်။ သို့သော် မြတ်နိုးက..
`အာ..နင်တို့ကလည်း အယူမသီးစမ်းပါနဲ့ဟာ..April Fool ပဲဟာ..ပြီးတော့ ငါတို့မင်္ဂလာမဆောင်ခင် အမှတ်တရပေါ့..နဒီ ပျာပျာလဲလဲနဲ့ ဆေးရုံကိုရောက်လာချိန်မှာ ငါတို့က သူ့ရှေ့မှာ ဘွားကနဲ့ပေါ်ပြီး April Fool လို့ အော်ကြမယ်..သူရဲ့ ပျာပျာသလဲ ပုံကိုလည်း ဓာတ်ပုံရိုက်ထားမယ်..အဲ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ငါတို့ရဲ့ သားသား မီးမီးလေး တွေကို တွေ့လား ဒီမှာ မေကြီးနောက်လို့ ဖေကြီးစိုးရိမ်တဲ့ပုံဆိုပြီး ပြန်ပြမယ်လေဟာ..မကောင်းဘူးလား“ ဟုဆိုပြီး သူမဘာသာ သဘောကျစွာ ရယ်နေလေသည်။ ပြီးနောက် အရီရပ်ပြီး ဆက်ပြောသည်။
နဒီ့ကို ဒီတခါ နောက်ပြီးရင် နောက်တခါ သူစိတ်ဆင်းရဲအောင် ဘယ်တော့မှ မနောက်တော့ပါဘူးဟာ…
ကျွန်မတို့လည်း မြတ်နိုးကို ဆန့်ကျင်မနေတော့ပဲ သူပြောသလိုပင် နဒီ့ဆီသို့ဖုန်းဆက်ရန် တယ်လီဖုန်းကောက်ကိုင်လိုက်သည်။ နဒီ၏ hand phone နံပါတ်လေးကို အသာယာပင်နှိပ်လိုက် သည်။ နဒီ့ ဖုန်းဝင်သွားလေပြီ။
`ဟဲလို ဆိုသော နဒီ့အသံကြားသည်နှင့် ကျွန်မ မှာ အသံကို ကတုန်ကယင် တမင်ပြူကာ..
`နဒီ မြတ်နိုးလေ..မြတ်နိုး ဆိုပြီး ဆက်မပြောပဲ ရပ်နေလိုက်သည်။ ဒါမှ ပိုပီပြင်မှာ မဟုတ်လား..ထိုအခါ တဖက်မှ စိုးရိမ်သောလေသံဖြင့်..
`ယမင်း ပြောလေ..မြတ်နိုး ဘာဖြစ်လို့လဲ ပြောလေ..“
“မြတ်နိုးလေ..ကား အစီးဒင့်ဖြစ်လို့ အခု ဆေးရုံကြီးမှာ..စကားပင် မဆုံးလိုက်ရ..တဖက်မှ ဖုန်းချသွားလေပြီ..နဒီတစ်ယောက် ပျာယာခတ်သွားလေပြီ..ကျွန်မလည်း အောင်နိုင်သူ အြ့ပုံးနှင့် ဘယ်လိုလဲ ပိုင်တယ်မဟုတ်လား ဆိုသော ပုံစံနှင့် မြတ်နိုးကို ကြည့်တော့..အပိုင်သိနေသောမြတ်နိုးက..
“နဒီတစ်ယောက် ခုလောက်ဆို မျောက်မီးခဲကိုင်ရသလို ဖြစ်နေလောက်ပြီ..သူ ဆေးရုံကိုသွားလောက်ပြီဟ..ကဲ သူငယ်ချင်းတို့ ငါတို့ နဒီထက်စောပြီး ဆေးရုံကို စောရောက်ဖို့လိုတယ်..ကဲ လစ်ကြစို့` ဟု ဆိုသောကြောင့် ကျွန်မတို့မှာ မြတ်နိုး၏ နောက်သို့..လိုက်လာကြသည်။
မြတ်နိုးက ကားမောင်းပြီး ကျွန်မက သူမ၏ဘေးမှာ..ကျန်တဲ့ သူငယ်ချင်းသုံးယောက်ကတော့ နောက်ခန်းမှာ.စကားကိုပေါက်ပေါက်ဖောက်သလို မနားတမ်းပြောရင်း လိုက်ပါလာလေသည်။ မြတ်နိုးကတော့ သီချင်းတအေးအေး ပေါ့ပေါ့ပါးပါးနှင့်..ကျွန်မကတော့ ဘာကိုမှန်းမသိ စိုးရိမ်မိနေသည်။
ဆေးရုံကြီးသို့ရောက်ခါနီး လမ်းကွေ့တနေရာရောက်တော့ သင်းသင်းမှ ပျာပျာသလဲနှင့်..
“မြတ်နိုး ဟိုမှာ ကြည့်ပါအုံး..အဲဒါ နဒီ့ ကားမဟုတ်လား..သစ်ပင်နဲ့ ၀င်တိုက်ထားတယ်..လူတွေလည်း အုံလို့..“ဟုဆိုလေသည်။
မြတ်နိုးလည်း ကားရပ်လိုက်ပြီး အုံနေသည့် လူအုပ်ကြားထဲကို တိုးဝင်ကာ ကြည့်လိုက်တော့ မြတ်နိုး မျက်နှာမှာ သွေးပင်မရှိတော့..ကားမောင်းသူနေရာမှာပင် ခေါင်းငိုက်စိုက်ကျနေသော သွေးအိုင်ထဲမှ နဒီ..လူအုပ်ထဲမှာ လူကြီးတစ်ယောက်က ..
`ဒီကလေးကလေ ဘာကိုလောနေတာလဲမသိဘူး ကားကို စွတ်ရမ်းမောင်းတာ..အဲဒါ တဖက်ကလာတဲ့ကားကို မရှောင်နိုင်ပဲ ဒီအပင်နဲ့ ၀င်ဆောင့်တောပေါ့..“ဟု ရှင်းပြနေသောလည်း မြတ်နိုးသည် အသိစိတ်ကင်းမဲ့နေသော သူတစ်ယောက်ပမာ အသက်ကင်းမဲ့နေသော နဒီကို ဖက်လျှက်..
“နဒီ မြတ်နိုးကို April Fool လုပ်နေတာလား..နဒီရယ် အဲဒီလိုတော့ မနောက်ပါနဲ့နော်..ဆိုပြီး သူငယ်ချင်းများဖက်သို့လှည့်ကာ..ဟဲ့ နဒီ ငါ့ကို April Fool လုပ်နေတယ်..နင်တို့ကလည်းခေါ်ပေးလေဟာ..မနောက်တော့နဲ့လို့ ပြောပေးလေဟာ..“ဟု ဆောက်တည်ရာမရဖြစ်ပြီး အရူးတစ်ယောက်လိုပင် ငိုကြွေးနေတော့သည်။ သူငယ်ချင်းများမှာလည်း ငိုကြလေပြီ..ထိုအခိုက် ရဲဝတ်စုံနှင့် လူကြီးတစ်ယောက်ရောက်လာပြီး..
“သမီးတို့ အသိလား..သူ ဆုံးသွားပါပြီ..သူ့ကိုခေါ်သွားရမှာမို့ ဦးတို့ကို ခွင့်ပြုဦးနော်..“ဟုဆိုတော့မှ ကျွန်မတို့လည်း အသိပြန်ဝင်လာကာ မြတ်နိုးကို ဆွဲထူလိုက်ကြသည်။အသက်မဲ့နေသော နဒီ့ခန္ဒာကိုယ်ကိုတော့ သယ်သွားကြလေပြီ..မြတ်နိုးသည် သယ်ဆောင်သွားခြင်းခံရသော နဒီ့ကို ကြည့်ကာ ခေါင်းကို တွင်တွင်ရမ်းရင်း..မျက်ရည်များကြားထဲမှ..
`ငါ မှားသွားပြီ..ငါ အရမ်းမှားသွားပြီ နဒီရယ်..ငါ နင့်ကို သတ်လိုက်တာ..“ဟူရွေ့ပင် အကြိမ်ကြိမ်ရေရွှတ်နေတော့သည်။ သူ၏ နောင်တကား အလွန်တရာမှ နောက်ကျ သွားလေပြီ..သာယာလှပသောနေ့လေးတစ်နေ့မှ အကျည်းတန်လှသော နေ့လေးအဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်းသွားလေသည်။ ကံကြမ္မာသည် အလွန်ချစ်ကြသော ချစ်သူနှစ်ဦးကို မျက်နှာသာ မပေးတော့ပေ။
ထိုနေ့ ထိုအချိန်မှစရွေ့ မြတ်နိုးသည် မည်သူ့ကိုမှ စကားမပြောတော့ပါ၊ မည်သူ့ကိုမှလည်း မသိတော့ပါ၊ သူမ၏ အခန်းထဲမှလည်း မထွက်တော့ပေ။ သို့သော် ဧပြီလ (၁) ရက်နေ့ ရောက် တိုင်းတွင်တော့ ၀ရံတာကိုထွက်ကာ တစ်ယောက်တည်း စကားတွေပြောနေတတ်သည်။ ထိုသို့နေရင်းနှင့် တစ်ခုသော ဧပြီ 1 ရက်နေ့လေးတွင်ပင် သူမချစ်သော သူမ၏ နဒီနောက်သို့ ကျွန်မတို့အားလုံးကို ကျောခိုင်းကာ အပြီး လိုက်သွားလေသည်။
……………………
……………………
………………….
ဖြုတ်ကနဲ ကြွေကျလာသော သစ်ရွက်လေးသည် ကျွန်မ၏ ကိုယ်ပေါ်သို့ ကျလာခဲ့လေသည်။ ထိုသစ်ရွက်လေးကြောင့် ကျွန်မ၏ အတိတ်ကမ္ဘာထဲမှ ပြန်လည် ထွက်ရှိလာနိုင်ခဲ့သည်။
`သြော် ..အခုချိန်ဆို မြတ်နိုးနဲ့ နဒီတို့ ကောင်းကင်ဘုံမှာ ပျော်နေရောပေါ့..ဟု ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရေရွတ်မိသည်။
ကျွန်မ ထင်ပါသည်။ ကျွန်မချစ်သော ကျွန်မ၏ သူငယ်ချင်းနှစ်ယောက်သည်လည်း ကျွန်မကို ငုံ့ကြည့်ပြီး ပြုံးနေကြပါလိမ့်မည်။

လမင်းငယ်..
စာဖတ်သူရင်ထဲ တစ်စုံတစ်ခု ကျန်ခဲ့မည်ဆိုပါလျှင်…

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s