လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

တန်ပြန်အရူး… March 9, 2012

Filed under: အတွေ့အကြုံလေးများ — လမင်းငယ် @ 2:39 am

ဟိုဘက်ခြံက ဥတဲ့ဥ အဲဒါ ငါ့ ကြက်ဥ..
ဆိုတဲ့သီချင်းကို နားထောင်မိကတည်းက အရိုး ဆိုတာကို သိခဲ့ရသည်။ သူ့သီချင်းကို နားထောင်ရသည်မှာ ပျော်စရာကောင်းသည်။ တွေးရင်းနဲ့ ရီ ရသည်။ လူပျော်ဖြစ်မည်ဟု ထိုကတည်းက ခန့်မှန်းမိသည်။ ရယ်စရာ မဂဇင်းပြန်လည်ထုတ်တော့မည်ဆိုတော့ ရယ်စရာစာမူတွေရှာရသည်. စာရေး ဆရာတွေနောက်လိုက်ရသည်။ ဦးမာလတ်နှင့် အယ်ဒီတာ ဦးကောက်နွယ်က မေးသည်။ အရိုးစာမူ ဘယ်လို ရနိုင်မလဲ..အရိုးနဲ့ ခင်တဲ့သူရှိလားဆိုတော့ ကျွန်မလည်း အရိုးနဲ့တော့ မသိဘူး..ဒါပေမဲ့ သူတို့ အသိုင်းဝိုင်းထဲက ခင်တဲ့လူတစ်ယောက်တော့ရှိတယ်..သူက အရိုးနဲ့ တော်တော်ရင်းနှီးတယ်..သူကနေ တဆင့် ကိုအဂိုးကို မိတ်ဆက်ခိုင်းရင်တော့ ရတယ်..ဟုဆိုတော့ ဦးမာလတ်က အင်း အဲဒါဆို အရိုးစာမူ ကိစ္စ မင်းပဲ တာဝန်ယူလိုက်တော့ဟု ဆိုသောကြောင့် ကျွန်မ မှာ အရိုးဆီကို ကျွန်မ မိတ်ဆွေမှတဆင့် ၀င်ရောက်ခဲ့သည်။ ကျွန်မ မိတ်ဆွေက ဖုန်းဆက်ပေးသည်။ ရယ်စရာမဂဇင်း ပြန်လည်ထုတ်ဝေတော့မည် ဖြစ်ကြောင်းနှင့် ထို မဂဇင်းတွင် ကိုအရိုးစာမူလိုချင် ကြောင်း..ထိုမှတဆင့် ကျွန်မကိုယ်တိုင် ဖုန်းဆက်ချိန်းကာ စာအုပ်လက်ဆောင် သွားပေးရင်း စာမူတောင်းဖြစ်တော့သည်။ ကိုအရိုးနှင့်တွေ့သောအခါ စာမူလိုချင်ကြောင်းနှင့် ဖောင်ပိတ်ရက်နီးနေသဖြင့် အမြန်ရေးပေးစေလိုကြောင်းပြောသောအခါ မငြင်း ပဲ ရေးပေးခဲ့သည်။ ပထမ စာမူရပြီး အယ်ဒီတာက နောက်လ စောစောဖောင်ပိတ်ချင်သော နောက်တပုဒ်ကို ဆက်တိုက်တောင်းပေးပါအုံး ဟု ဆိုလာပြန်ရာ ကျွန်မလည်း ကိုအရိုးကို အကျိုးကြောင်းပြောပြီး တစ်လတွင်းမှာပင် 2 ပုဒ်ရေးခိုင်းရတော့သည်။ ကိုအရိုးမှာလည်း မငြင်းရှာပဲ ရအောင် ရေးပေးခဲ့လေသည်။ ကိုအရိုးသည် သဘောကောင်းသောသူတစ်ယောက်ဖြစ်ကြောင်းနှင့် အလွန်စနောက်သန်ကြောင်း..စ နောက်စရာမရှိ လျှင် သူ့မိန်းမကိုပင် စိတ်ဆိုးအောင်နောက်တတ်ကြောင်း ကျွန်မ မိတ်ဆွေ ပြောပြချက်အရ သိခဲ့ရသည်။ ကိုအရိုး၏ ဒုတိယမြောက်စာမူကို သွားယူလာပြီး သူ၏နေအိမ် ကျောက်မြောင်းမှ အလုပ်တိုက်ရှိရာ 32 လမ်းသို့ပြန်ရန် ကားမှတ်တိုင်တွင် ကားစောင့်သည်။ ထိုအခိုက် 33 တစ်စီး ထိုးစိုက်လာရာ လူများအနည်းငယ်ပါပြီး နေရာတော်တော်များများလွတ်နေသောကြောင့် ထိုကားပေါ်သို့ အေးအေးလူလူတက်စီးလာခဲ့သည်။ ပြတင်းပေါက်နားတွင် ၀င်ထိုက်လိုက်ပြီး လက်ထဲ မှစာမူကို ဖတ်ကြည့်လိုက်သည်။ ကိုအရိုးရေးသောအကြောင်းမှာ ရပ်ကွက်တခုမှ အရူးတစ်ယောက်အကြောင်းဖြစ်ပြီး ထိုသို့ရူးနေခြင်းကိုပင် သူ့ မိခင်က ၀မ်းသာကြောင်း..အရူးကို ရပ်ကွက်လူကြီးမှ ခေါ်ယူုမေးမြန်းပုံ အရူးမှ ပြန်လည်ဖြေကြားပုံ..အရူးသားအမိကို ရပ်ကွက်မှ လူများက ပဟေဠိဖြစ်ရပုံတို့ကို ရေးသားထားသည်။ ကျွန်မမှာ ထိုစာမူကိုဖတ်ရင်း ရီချင်လာသည်။ ကားပေါ်တွင် လူများရှိနေသည်ဆိုသောအသိရှိနေသောကြောင့် ရီချင်သောစိတ်ကို အောင့်ထားသော် လည်း ထိန်းမရပဲ ခွီး ဆိုပြီး အသံပင်ထွက်သွားလေသည်။ လူတချို့ ကျွန်မကိုကြည့်ကြသည်။ ကျွန်မ လည်းပြန်တည်လိုက်ပြီး စာမူကို ဆက်ဖတ်သည်။ စာမူဖတ်ပြီးသောအခါတွင် ထပ်မံ ရီမိပြန်သည်။ လူ တွေလည်းကြည့်ကြပြန်သည်။ ကျွန်မလည်း စာမူကို file ထဲထည့်ပြီး မျက်နှာပိုးသတ်ပြီး တည် လိုက်ပြန်သည်။ သို့သော် တွေးရင်း တွေးရင်း ရီချင်လာပြန်သည်။ ရီမိပြန်သည်။ လူတချို့ ခေါင်းခါကြသည်။ ဒီမိန်းကလေးတစ်ယောက် ရီ လိုက် တည်လိုက်နှင့် ရူးများရူးနေပြီလား မသိ ဆိုသောအကြည့်မျိုးနှင့်..(ယခုရေးရင်းပင် ရီမိသည်။) ထို့ကြောင့် မျက်နှာပိုးပြန်သပ်လိုက်ပြီး ပြန်တည်လိုက်ရပြန်သည်။ ထိုအခိုက် မိန်းမတစ်ယောက်နှင့် ကလေးငယ် နှစ်ယောက် ကားပေါ်တက်လာသည်။ ကလေးငယ်လေးနှစ်ယောက်မှာ အလွန်ချစ်စရာကောင်းသော အမြွာလေးဖြစ်သည်။ ဆင်တူဝတ်စုံလေးတွေနှင့် ချစ်စရာလေးတွေဖြစ်သောကြောင့် လူများအာရုံ သူတို့ဖက်ဆီသို့ ရောက်သွားသည်။ သို့သော် ကျွန်မမှာ ထိုကလေးများကိုကြည့်ရင်းပင် စာမူထဲမှ အရူးဆီကိုရောက်သွားပြီး ရီမိပြန်သည်။ လူတချို့ မျက်လုံးများ ကျွန်မဆီသို့ရောက်လာပြန်သည်။ တချိန်တည်းမှာပင် ကိုစပယ်ယာ၏ လမ်း 30 တွင် ဆင်းမည့်အကိုအမများ အပေါက်ဝသို့ လျှောက်ပေးကြပါဟုဆိုလိုက်သောကြောင့် ကျွန်မ မှာ ထိုင်ရာမှ ထကာ ကားတံခါးဝသို့ လျှောက်လာခဲ့တော့သည်။ ကားရပ်သောအခါ ကျွန်မအဆင်းတွင် ကိုစပယ်ယာက ..မမလေး နောက်တခါ မြို့ထဲလာရင် ဆေးလှုပ်သောက်ခဲ့နော် တဲ့..ဆိုပြီး ပြုံးစစ ဖြင့်နောက်လေသည်။ ကျွန်မလည်း ခပ်တည်တည်တချက်စိုက်ကြည့်ပြီးမှ လှည့်ထွက်လာခဲ့သည်။ ပြီးမှ ပြုံးလိုက်ပြီး.. အော် ကိုအရိုးရယ် ရှင့် အရူးစာမူကြောင့် ကျွန်မပါ အရူးတစ်ယောက်လို အထင်ခံလိုက်ရတာပါလား ဟုတွေးရင်း…ထိုစာမူကို အယ်ဒီတာ လက်ထဲသို့…
လမင်းငယ်…

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s