ဆောင်းရာသီရဲ့ အေးမြခြင်းကို ခံစားရပြီ..အေးချမ်းမှုတွေ ထွေးပိုက်ထားတဲ့ ဆောင်းနှင်းလေးတွေ ဝေနေပြီ..အို Sweet December လို့ နှုတ်ခွန်းဆက်လိုက်တယ်နော်…
ဒီဇင်ဘာလရောက်တိုင်း ပျော်ရွှင်ခဲ့ရတယ်..ကြည်နူးခဲ့ရတယ်..အေးချမ်းမှုနဲ့အတူ ကျွန်မရဲ့ နှလုံးသားလေးလည်း အေးချမ်းရတယ်..ကျွန်မတို့ ငယ်စဉ်ကတည်းက နိုဝင်ဘာ (3၀) ရက်နေ့ ညတိုင်း စိတ်လှုပ်ရှားခြင်းများနဲ့အတူ ဒီဇင်ဘာလကို ကြိုဆိုခဲ့ကြတယ်..စောင့်ဆိုင်းခဲ့ကြတယ်..ည 11 နာရီ ဘုရားကျောင်းမှာ သူငယ်ချင်းများစွာနဲ့အတူ ဒီဇင်ဘာလကို ကြိုဆိုခဲ့ကြတယ်..သန်းခေါင်ယံ 12 နာရီထိုးတာနဲ့ Sweet December လို့ ပြိုင်တူအော်ကြပြီး တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက် ခဲ့ကြတဲ့အချိန်တွေဟာ ဘာနဲ့မှ လဲလို့ မရတဲ့ ပျော်ရွှင်မှုလေးတွေပါပဲ..12 နာရီ ထိုးတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံဟာ ကြားဖူးသမျှ ဂီတသံတွေထဲမှာ အသာယာဆုံးနဲ့ အချိုမြိန်ဆုံးပါပဲ..ဘုရားကျောင်းက အိမ်အပြန်မှာတော့ ကျွန်မတို့ မောင်နှမတွေဟာ ကတ္တရာလမ်းမပေါ်မှာ spray ဗူးတွေနဲ့ “Sweet December” လို့ ရေးပြီး အိမ်နီးချင်း အိမ်တွေရဲ့ တံခါးဝမှာ “Sweet December” လို့ နှုတ်ခွန်းဆက်တဲ့ စာရွက်လေးတွေကို လိုက်ကပ်ခဲ့ကြတယ်..သန်းခေါင်ယံ အားလုံးအိပ်မောကျနေတဲ့အချိန် ကျွန်မတို့မှာ မမောနိုင် မပန်းနိုင် လမ်းပေါ်မှာ စာရေးကြ၊ စာရွက်လိုက်ကပ်ကြနဲ့ ပျော်စရာအတိ…တစ်သက်လုံးမေ့လို့ မရနိုင်တဲ့ အမှတ်တရ ရက်စွဲတွေပါပဲ..မနက်ရောက်တာနဲ့ စောစောကြပြီး X’mas tree တွေ ဆင်ကြ အိမ်အလှဆင်ကြနဲ့ ပတ်ဝန်းကျင်မှာလည်း X’mas သီချင်းတွေ ပြန့်နှံ့လို့…
အဲဒီအချိန်တုန်းကတော့ ပူပင်စရာမရှိ၊ အေးချမ်းမှုအပြည့်နဲ့ လွတ်လပ်စွာနဲ့ ပျော်ရွှင်ခဲ့ရတယ်..သတိရမိပါသေးတယ်..လမ်းမပေါ် စာထွက်ရေးတော့ စည်ပင်က အရာရှိဆိုပြီး လာဟောက်တဲ့အရက်မူးသမားကို ကျွန်မရေးနေတဲ့ spray ဗူးနဲ့ သူ့ခေါင်းကိုခေါက်လိုက်လို့ ပြသနာတက်ပြီး နောက်တနေ့ ရပ်ကွက်ရုံးကို ရောက်ခဲ့တာ…Sweet December present ဆိုပြီး မုန့်တစ်ထုပ် ၊ နှင်းဆီတစ်ပွင့်၊ Card လေး တစ်ခုကို လမ်းထိပ်က ဓာတ်တိုင်လေးမှာ ကပ်ထားပြီး မနက်စောစော ဘယ်သူများတွေ့ပြီး ယူသွားမလဲလို့ စောင့်ဖမ်းတာ အရူးမတစ်ယောက် တွေ့သွားပြီး မုန့်ကိုစား၊ ပန်းကိုပန်ပြီး ကဒ်လေးကို ဟိုကြည့်ဒီကြည့်လုပ်ပြီး လွင့်ပစ်ခဲ့တာ ….ကျွန်မတို့မှာ ရီလိုက်ရတာ…ပျော်စရာလေးတွေကို ပြန်တမ်းတ မိပါတယ်..လွမ်းမိပါတယ်..
အခုတော့ ကျွန်မတို့ မောင်နှမတွေလည်း တစ်ယောက်တကွဲစီ..အလုပ်ကိုယ်စီနဲ့..အရင်လို ပျော်ဖို့ဆိုတာ မလွယ်တော့ပါဘူး..အခုတော့လည်း ဒီဇင်ဘာဆိုတာ ဘာမှန်းတောင် မသိတော့ပါဘူး..ရှိခဲ့ဖူးတဲ့ ပျော်စရာအတိတ်လေးတွေကိုပြန်တွေးပြီး ကျော်ဖြတ်ခဲ့တဲ့ နှစ်တွေလည်း ကြာခဲ့ပါပြီလေ..
ကုန်လွန်ခဲ့တဲ့ လွမ်းစရာကောင်းတဲ့ ဒီဇင်ဘာလများစွာကို ပြန်လည်သတိရရင်း….
လမင်းငယ်
ဝေဖန်မူလေးတွေ