ကျွန်မရဲ့ ငယ်ဘ၀လေးကို ပြန်စဉ်းစားမိရင် အရမ်းပျော်ရွှင်စရာကောင်းပြီး ကျေနပ်စရာ ကောင်းပါတယ်…ပြန်စဉ်းစားမိတိုင်း ငယ်ဘ၀လေးကို ပြန်တောင့်တမိတယ်..ကျွန်မ ငယ်ငယ်က အရမ်းဆိုးခဲ့ပါတယ်… မိန်းကလေးတန်မဲ့ ဆော့လွန်းတယ်လို့ ယခုထက်ထိ လူကြီးတွေ ပြောစမှတ်ပြုနေရတုန်းပါ…
ကျွန်မ 5 နှစ်အရွယ် သူငယ်တန်းပေါ့…အိမ်နီးချင်းကောင်မလေးတစ်ယောက်နဲ့ ရန်ဖြစ်ပြီး သူ့ကို ကောင်မ လို့ ပြောမိပါတယ်..ကျွန်မ အမေက အဲဒီလို အသုံး အနှုန်းတွေကို လုံးဝ မကြိုက်ပါဘူး..ဆဲဆိုဖို့နေနေသာသာ အဲဒီလိုမျိုးပြောရင်တောင်မှ အရိုက်ခံရတတ်ပါတယ်…ဒါကိုသိတဲ့ ကျွန်မအစ်ကို (1 နှစ် 6လသာကွာပါတယ်)
က နင့်ကို အမေနဲ့တိုင်ပြောမယ်..သူများကိုကောင်မလို့ပြောတယ် ဆိုပြီး ပြောပါတယ်..ကျွန်မလည်း ကြောက်လန့် ပြီး ဘာလုပ်ရ မှန်းမသိပါဘူး..နောက် အကြံရတာနဲ့ အိမ်ပေါ်ထပ် ကုတင်အောက်မှာ ၀င်ပုန်းမယ်ဆိုပြီး ဖိနပ်ပါယူသွားပြီး ကုတင်အောက်ထဲ ၀င်ပုန်းနေလိုက်ပါတယ်…ကုတင်အောက်ထဲဝင်ပြီး အောက်ထဲမှာ ရှိနေတဲ့ ပစ္စည်းတွေနဲ့ ကျွန်မကို မမြင်အောင် ကာကွယ်ပြီး ပုန်းနေလိုက်ပါတယ်.. ဖိနပ်ကိုလည်း အ၀တ်သေတ္တာ တစ်ခုတည်း ထည့်လိုက်ပါတယ်.. အဲဒီဖိနပ်ကိုလည်း မစီးချင်တော့တဲ့အတွက် ဖျောက်ဖျက်ပစ်လိုက်တဲ့ သဘောပါ..ကြောက်ကြောက်နဲ့ဝင်ပုန်းပြီး လုပ်ချင်တာလုပ်ပြီး အိပ်ပျော်သွားခဲ့ပါတယ်…နောက် ကျွန်မနိုးလာတော့ အောက်ထပ် အသံတွေ ကြားရပါတယ်..ပထမဆုံး အမေရဲ့ ငိုသံပါ..အဖေရဲ့ အစ်ကိုကို့ ကြိမ်းမောင်းတဲံ့ အသံ..အစ်ကိုရဲ့ ဖြေရှင်းချက်ထုတ်နေတဲ့အသံ…ကျွန်မကြားလည်းကြားရော ကျေနပ်နေပါတယ်..ကောင်းတယ် ငါ့ကို တိုင်ပြောချင်အုံး ဆိုပြီး..နောက်တစ်ခုက အမေနဲ့ အဖေ ကျွန်မကို စိုးရိမ်ပူပန်နေတဲ့အတွက် ကျေနပ်မိတာပါ..ကျွန်မလည်း အသာလေး ငြိမ်နေပါတယ်..ဘာဆက်လုပ်မလဲ ဆိုတာ သိချင်တာကော ပါတာပေါ့..အဲဒီ အချိန်က 88 အရေးခင်း ရုတ်ရုတ် ဖြစ်နေတဲ့ အချိန်ပါ..ကျွန်မ အမေက အဲဒီနယ်မြို့လေးမှာ တယ်လီဖုန်းဌာနမှာ တာဝန်ခံပါ ..ထိုအချိန်က ရာထူးအမြင့်ဆုံးပါပဲ..အမေက ရဲစခန်းကိုလည်း တိုင်ချက်ဖွင့်နေပါတယ်…အဖေကလည်း လိုက်ရှာမယ်ဆိုပြီး ထွက်သွားပါတယ်…အမေ့ဝန်ထမ်းတွေကော အားလုံး အလုပ်ရှုပ်ပြီး ပျာယာခတ်နေကြပါတယ်…အစ်ကိုရဲ့ ငိုသံလည်း ကြားနေရပါတယ်..ညီမလေး ..ညီမလေး ဆိုပြီး အော်ငိုနေတဲ့ အသံပါ..ကျွန်မမှာ အရမ်းကို ပီတိ ဖြစ်နေရပါတယ်..
အမေရဲ့ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ဦးလေး တစ်ယောက်အသံကိုလည်း ကြားရပါတယ်…အမေကိုပြောတာပါ ..အစ်မ သမီးက အရမ်းဆော့တော့ ဘုရားထဲက ရေတွင်းပျက်ထဲ ကျနေပြီလား မသိဘူး..ကျွန်တော် သွားကြည့်အုံးမယ်ဆိုပြီး ထွက်သွားပါတယ်..အမေလည်း ငိုနေပါပြီ..အစ်ကို့ကိုလည်း ကိုယ့်ညီမလေးကို ဂရုမစိုက်ဘူးဆိုပြီး ဆူနေပါတယ်…မကြာပါဘူး..အဖေရဲ့ အသံကို ကြားလိုက်ရပါတယ်…ဒီကလေးလား ပြန်တွေ့လို့ကတော့ ကောင်းကောင်းရိုက်အုံးမယ် ..မိဘကို တော်တော် စိတ်ပူအောင်လုပ်တဲ့ကလေးဆိုပြီး ကြိမ်းမောင်းသံကို ကြားရတော့ ကျွန်မမှာ ပျော်ရွှင်နေတဲ့ ကြည်နူးမှုလေးတွေတောင် ဘယ်ပျောက်သွားမှန်း မသိတော့ပါဘူး..ဘယ်လိုလုပ်ရမလဲ ဆိုပြီး အကြံထုတ်ရပါတော့တယ်..မရတော့ ငြိမ်နေ လိုက်မိတယ်…နောက် အပေါ်ထပ်ကို တက်လာတဲ့ ခြေသံ ကြားလိုက်ရတယ်..နောက် ကျွန်မ ခြေတောက်ကိုပါ ဆွဲထုတ်ခြင်း ခံစားလိုက်ရပါတယ်..ငါတော့ သွားပြီဆိုတဲ့ အသိပဲရှိပါတော့တယ်…အမေရဲ့ ၀န်ထမ်း(ရေတွင်းပျက်ထဲ သွားကြည့်မယ်) ဆိုတဲ့လူပါ..ကျွန်မကို ဆွဲခေါ်ထုတ်ပြီး အိမ်အောက်ကို ခေါ်ဆင်းလာပါတယ်…အမေ နဲ့ အဖေကိုလည်းတွေ့ရော ကျွန်မ အော်ငိုပါတော့တယ် (မငိုရင် အဖေ ရိုက်မှာလေ) အမေကလည်း ငိုပြီး ကျွန်မကို ပြေးဖက်ပါတယ် ..အဖေကတော့ ကျွန်မကို မျက်တောင့်နီကြီးနဲ့ ကြည့်နေပါတယ်..အမေက ငါ့သမီးလေး ပြန်တွေ့တာပဲ တော်လှပါပြီ ..ရှင် သမီးကို မရိုက်ပါနဲ့ ..ဆိုပြီး အဖေ့ကို လှမ်းပြောပါတယ်..အစ်ကို ကို့ ကျွန်မလှမ်းကြည့်မိတော့ အစ်ကို့ ရဲ့မျက်နှာက ပြုံးလို့နေပါတယ်…ကျွန်မလည်း အဲဒီအချိန်ကတည်းက ခံစားလိုက်ရပါတယ် ..အစ်ကို့ကို အရမ်းချစ်သွားခဲ့ပါတယ်..
နောက်မှ ကျွန်မကို ပြန်တွေ့တဲ့ ဦးလေးကြီးက ပြောပါတယ်..သူ့ဦးနှောက်ထဲ မှာ အတွေးတစ်ခု ၀င်လာတယ် ..ဒီကောင်မလေး ကုတင်အောက်မှာများ ပုန်းနေမလား ဆိုပြီး သွားကြည့်လိုက်တာတဲ့..ထင်တဲ့အတိုင်းဖြစ်နေတော့ တော်သေးတာပေါ့တဲ့ …အဲဒါက အဖြစ်ပျက်လေး တစ်ခုပါ …
ပြုံးရုံပြုံးနော် ………..
လမင်းငယ်
When I was young!! October 21, 2009
Advertisements
လာလည်သွားပါတယ် ညီမရေ
ပျော်ရွှင်ပါစေခင်ဗျာ
Thanks for yr coming..
ဒါဆို လမင်းငယ်ငယ်ကတော်တော်ဆိုးတာပဲနော်….. 😛
အကင်းပဲရှိသေးတယ် …၀ဋ်လည်မှာတော့ ကြောက်သား .. 😀