လမင်းငယ် (ကြုံတွေ့ခဲ့သော ဘ၀ စာမျက်နှာများ)

ခြောက်လှန့်ခဲ့တဲ့ အတိတ်ရဲ့ တစ်စိတ်တစ်ဒေသ.. March 13, 2013

Filed under: အတွေ့အကြုံလေးများ — လမင်းငယ် @ 10:59 pm

အိမ်မက်ဆိုးတစ်ခုက နိုးထ လွတ်မြောက်ခဲ့ပြီ..တုန်လှုပ်ခြောက်ခြားဖွယ်ရာကောင်းသော အဖြစ်ပျက်ကြားမှ ထိုးဖောက်ခွင့်ပေးတဲ့ ရောက်ရှိလာတဲ့ နံနက်ခင်းလေးကို ကျေးဇူးတင်မိတယ်..မနက်သာ မိုးမလင်းရင် ငါလည်း ကြောက်မက်ဖွယ်ရာကောင်းတဲ့ အိမ်မက်ဆိုးတစ်ခုကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူးလေ…
“၀ုန်း” ဆိုတဲ့ အသံ တုန်ခါမှုနဲ့အတူ ကောင်းကင်းယံမှာ လျှပ်စီးတွေ တစ်ဖျပ်ဖျပ်လက်နေခဲ့တယ်..
ချမ်းအေးလှတဲ့ ဆောင်းအ၀င် နိုဝင်ဘာလ…
ဒါ..မိုးတွင်းလည်း မဟုတ်..မိုးခြိမ်းစရာအကြောင်းလည်းမရှိ..အိပ်မောကျနေတဲ့ညကို အသက်သွင်းလိုက်တယ်..ရုတ်တရက်ထပြီး အပြင်ကိုထွက်လိုက်တယ်..လမ်းမထက် လူတွေက ရုတ်ရုတ်သဲသဲ ဆောက်တည်ရာမရ ပြေးလွှား ခိုပုန်းစရာကိုရှာလျှက်..
ထပ်မံကြားလိုက်ရတဲ့ အသံ…“၀ုန်း”
မိုးချုန်းသံမဟုတ်..လျှပ်စီးလက်နေခြင်းမဟုတ်…ကြီးမားတဲ့အမြောက်သံနဲ့ ကျည်ဆံတွေ ကောင်းကင်ယံမှာ ပျံဝဲနေကြခြင်းသာ…
ကချင်ပြည်နယ်ရဲ့ စစ်ပွဲတစ်နေရာ..
အဲဒီတုန်းက ငါ အဲဒီနေရာကို ရောက်ရှိနေခဲ့တယ်..စိုးရိမ်ကြောက်လန့် တုန်လှုပ်ခြောက်ချားနေတဲ့ လူတွေရဲ့မျက်နှာ..ကလေးငယ်များရဲ့အော်ဟစ်သံ..
ကြယ်စင်လေးတွေက ကောင်းကင်ထက်မှာ လင်းလက်တောက်ပဆဲ..လမင်းကြီးကလည်း သူနဲ့ မဆိုင်သလို ထိန်လင်းပြီး ညအမှောင်ကို အလင်းရောင်ဖြန့်ပေးလို့…မြေပြင်တစ်နေရာမှာသာ..
လုံခြုံတယ်လို့ထင်ရတဲ့ မြေအောက်ခန်းတစ်နေရာမှာ ငါ တို့တွေရောက်ရှိနေခဲ့တယ်..(ငါတို့စိတ်ကသာ လုံခြုံတယ်ထင်ရတာပါ..တကယ်တမ်း လက်ပစ်ဗုံးလေးတစ်လုံးသာ ကျလာခဲ့ရင် ငါတို့တွေ ခိုအောင်းနေတဲ့ တိုက်လည်း ပြိုရမှာပဲ) ..
မနက်ဖြန်ဆိုတာ ငါ့ အတွက် မသေချာတော့ဘူး..ဒီညပဲ ကျည်ဆံတွေကြောင့် အမြောက်တွေကြား သေသွားနိုင်တယ်လေ..တယ်လီဖုန်းလိုင်းလေးကလည်း မရတော့ဘူး..hand ph လေးကို စိုက်ကြည့်နေမိခဲ့တယ်..ငါ ကြားချင်တဲ့ ငါ့ ချစ်ရသူတွေရဲ့အသံလေးတွေတောင် နောက်ဆုံးအနေနဲ့ ကြားခွင့်ရှိပါတော့မလား..ပါးပြင်ထက် မျက်ရည်တွေ လိမ့်ဆင်းလာခဲ့တယ်..မိသားစုရဲ့မျက်နှာပေါင်းများစွာကို မြင်ယောင်လာမိတယ်..သွားပြီ..ငါတော့ သွားပြီ..ရင်ထဲမှာဆို့တက်လာပြီး ကြောက်ရွံခြင်းတွေက သွေးကြောတွေထဲ စီးဆင်းသွားတယ်…မျက်ရည်တွေ..မျက်ရည်တွေ..ဟင့်အင်း..ငါ မငိုဘူး..ကြိတ်မှိတ်လို့ ဆုတောင်းနေမိတယ်..ဒီတစ်ညကို အသက်ရှင်လျှက် လွန်မြောက်ခွင့်ပေးပါ..ကိုယ့်စိတ်ကိုယ်ကို အားတင်းရင်းနဲ့ပဲ တားဆီးမရတဲ့ မျက်ရည်ပေါင်းများစွာ..ဘေးနားကသူတွေကိုကြည့်မိတော့ သူတို့လည်း မျက်ရည်စလေးတွေနဲ့ အားပေးတဲ့အပြုံးကို ပြုံးပြလို့…ငါတို့ လူစုလေးတွေ မြေအောက်ခန်းလေးမှာ နေရပေမဲ့ တစ်ချက်တစ်ချက် တုန်ခါခြင်းနဲ့ အမြောက်သံ..ကျည်ဆံသံတွေ အဆက်မပြတ်ကြားနေရဆဲ…စစ်ကြီးရယ်..ရပ်ပါတော့..တိုးတိတ်ဆုတောင်းနေတဲ့ ငါ့ ရင်ထဲက ဆုတောင်းသံ…မနက်ဖြန်ကို ငါ မြင်ချင်သေးတယ်လေ…
ဒီလိုနဲ့ ပစ်ခတ်သံတွေကြား..ငါ တို့ လွန်မြောက်ခွင့်ရခဲ့တယ်…ငါ မြင်ချင်တဲ့ မနက်ဖြန်မှာ ငါ အသက်ရှင်ခွင့်ရခဲ့တယ်…
ဒဏ်ရာရတဲ့ လူတွေ..အိုးအိမ်မဲ့လူတွေ…အနာဂတ်မဲ့သွားတော့မဲ့ကလေးတွေ…သူတို့တွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိလဲ..အတ္တတစ်ခုကိုရှေ့တန်းတင် အနိုင်မခံ အရှုံးမပေး တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်တိုက်ပွဲဆင်နေကြတဲ့ သူတွေကြား မြေစာပင်လေးတွေဖြစ်ခဲ့ရပြီ…ဘောလုံးကွင်းမှာ လူတွေပြေးလွှားနေကြတယ်..သူတို့ အနိုင်ရရှိရေးအတွက်ပေါ့..အခုတော့ ဒီက ကွင်းပြင်မှာလည်း လူတွေ ပြေးလွှားနေရတယ်..သူတို့ပြေးလွှားနေရခြင်းက အနိုင်ရဖို့မဟုတ်..မိမိရဲ့အသက်တစ်ချောင်းအတွက် ပြေးလွှားနေရခြင်းသာ…အော်…ငါ လည်း ပြေးလွှားခဲ့ဖူးတာပဲ…
ဒီလိုနဲ့ ထိတ်လန့်ဖွယ်ကောင်းတဲ့နေ့တွေကို တစ်ရက်ပြီး တစ်ရက် ဖြတ်ကျော်ရင်း….
…………………………………..
…………………………………………
………………………………………………….
………………………………………………
ရင်တွေပူလိုက်တာ…တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်ပြီး..မောပန်းစွာနဲ့ နိုးထလာခဲ့တယ်..အော်..တစ်ချိန်က စစ်မြေပြင်ကို ငါ ပြန်ရောက်သွားတာပါလား…မျက်နှာလေးတွေ…. ၀မ်းနည်းထိတ်လန့်နေတဲ့ ငိုကြွေးသံတွေ နားထဲ ကြားယောင်လာမိတယ်..အနာဂတ်မဲ့နေတဲ့ ဖြူစင်အပြစ်ကင်းတဲ့ ကလေးငယ်လေးတွေ…ဒီအချိန်ဆို သူတို့ အဆင်ပြေပါ့မလား..စစ်ပွဲတွေကော ရပ်စဲသွားပြီလား..ငြိမ်းချမ်းပါစေ ကချင်မြေရေ…ခြောက်လန့်နေဆဲ အတိတ်ရဲ့ အရိပ်ဆိုးတစ်နေရာက ကြိုးစားရုန်းထွက်ရင်း…လူသားအားလုံးငြိမ်းချမ်းပါစေ…ပစ်ခတ်နေတဲ့ စစ်ပွဲတွေလည်း ရပ်တန့်ပါစေ…ပန်းလေးများလည်း ပွင့်နိုင်ပါစေ….
လမင်းငယ်
14.3.2013 9:42 pm

 

သမီးလေးအတွက် ဖိနပ် နီနီ… January 8, 2013

Filed under: ခံစားမူရသ — လမင်းငယ် @ 11:29 pm

ပူပြင်းသော နေရောင်အောက်တွင် အ၀တ်မပါ..မည်းပြောင်နေသောကျောပြင်..တောက်လျှောက် ရေကဲ့သို့ စီးကျနေသော ချွေးစက်များကို အံတုလျှက်.ပင်ပန်းနေသော်လည်း သူ့ခမျာ မငြီးငြူ..ဒီနေ့အတွက် လုပ်ခ ပိုရရှိရေးအတွက်သာ..သူချစ်သော သမီးလေးအတွက်..သမီးလေးဟု တွေးလိုက်ရုံနှင့်ပင် ပင်ပန်းသမျှ ပျောက်သွားခဲ့ရသည်။ ပြင်းထန်သော အားတစ်ခုပင်.သမီးလေးသည်သာ သူ့ဘ၀လေ..သမီးလေးက သူ့အား ဖိနပ်သစ်လေးတစ်ရံဝယ်ပေးဖို့ ပူဆာထားသည်။ အတော်တန်ဟောင်းနွမ်းနေသော သမီးလေးခြေဖ၀ါးထက်မှ ဖိနပ်လေးကို မြင်ယောင်မိရွေ့ ကရုဏာ သက်မိသည်။ “အဖေ ညနေ ၀ယ်လာခဲ့ပေးမယ်“ ဟု ပြောလိုက်စဉ် ပြုံးပျော်သွားသော သမီးလေးရဲ့ ချစ်စရာ မျက်နှာ နုနုလေးကို မြင်ယောင်မိသည်။
ဆိပ်ကမ်းမှ ဆန်အိတ်များကို နှစ်အိတ်ဆင့်ထမ်းပြီး ကုန်ကားကြီးပေါ်သို့ မမောနိုင် မပန်းနိုင် တင်နေသည်။ ဆန်အိတ်ရေ များများပိုတင်နိုင်မှ ပိုက်ဆံပိုရမည် မဟုတ်လား..နောက်ပြီး ဒီနေ့ သူ့လုပ်အားခလေးပိုရမှ ဖြစ်ပေမည်။ ပိုရသောလုပ်အားခ လေးနှင့်ပင် သမီးလေးအတွက် ဖိနပ်သစ်လေးတစ်ရံဝယ်ပေးရမည်။ ဖိနစ်သစ်လေးကိုရလိုက်သောအခါ ပြုံးပျော်သွားမည့် သမီးလေး၏မျက်နှာလေးကိုမြင်ချင်မိသည်။ ထိုးအားတွေနှင့်ပင်…ဆန်အိတ်ရေပေးသောသူကလည်း..
.. “ ဟာ ကိုသာအေးကြီး သွက်လှချည်လားဗျ..ခင်ဗျားကိုကြည့်ရတာ မမောသလိုပဲ..နားနားပြီးမှ သယ်ပါဗျာ..ခဏနေ ခင်ဗျားတစ်ယောက်တည်းကိုပဲလုပ်ခရှင်းပေးနေရလို့ အခြားသူတွေကို မရှင်းပေးနိုင်ပဲနေပါအုံးမယ်ဗျာ”…ဟုပင် နောက်ယူရသည်။ မိမိမှာ ဘာမျှပင် မတုန့်ပြန်အား ပြုံးရုံသာပြုံးပြီး ဆန်အိတ်များကိုသာ မနားတမ်းတင်နေသည်။
လုပ်ခရှင်းတော့လည်း..
…“ဟာ ကိုသာအေးတို့များ နှစ်ယောက်စာယူတာဗျိုး”…ဟုပင်…
ဘာပြောပြော သူ လုပ်ခပိုရလေပြီ..ဒီနေ့ ညနေစာအတွက် ဆန်ဖိုး မနက်ဖြန်မနက်အတွက် ဆန်ဖိုးဈေးဖိုးလေးဖယ်ပြီး ကျန်တဲ့ပိုက်ဆံကို သမီးလေးပူဆာထားသော ဖိနပ်လေးကို ၀ယ်ပေးနိုင်ပေတော့မည်။ သူ ကျေနပ်စွာ ပြုံးလိုက်သည်။ ထိုနောက် သူ့ခြေလှမ်းများက ဖိနပ်ဆိုင်လေးဆီသို့…
ဖိနပ်ဆိုင်လေးသို့ ၀င်လိုက်ရင်း သူ၏မျက်လုံးများက ကလေးဖိနပ်လေးများဆီသို့ လျှောက်ကြည့်နေခိုက်..
.. “အစ်ကို ကလေးဖိနပ်လိုချင်လို့လား ဘယ်နှနှစ်အရွယ်လဲ”…ဟု ဆိုင်မှ အရောင်းကောင်မလေးက မေးလေသည်။
..“အင်း ညီမလေး ၅ နှစ်အရွယ် မိန်းကလေးစီးဖိနပ်လှလှလေး တစ်ရံလိုချင်လို့”…ဟု ဆိုလိုက်သောကြောင့် ထိုကောင်မလေးက ဖိနပ်လေးများကို တစ်ရံပြီး တစ်ရံထုတ်ပြလေသည်။
.“.ဖေဖေ ဖိနပ် အလီရောင်လေးနော်“..ဟု အနီရောင်ကို စကားမပီမသအသံလေးဖြင့်မှာရှာသော သမီးလေး အသံကို ကြားယောင်မိကာ..
.“.ညီမလေး..အနီရောင်ထဲက လှလှလေးတစ်ရံပြပေး”…
ဟုဆိုကာ သူမထုတ်ပြသောဖိနပ်အနီရောင်များထဲမှ ဖိနပ်ထိပ်လေးတွင် ပန်းပွင့်လေးဖြင့်ပြုလုပ်ထားသော အနီရောင်ဖိနပ်လေးကိုရွေးလိုက်သည်။ ဖြူနုသော သမီးလေး၏ ခြေတောက်လေးနှင့် ထိုဖိနပ်လေးမှာ မည်မျှတောင် လိုက်ဖက်လိုက်မည်နည်း…
ထိုအတွေးလေးနှင့် ဆိုင်ထဲမှ ထွက်လာစဉ် လမ်းထောင့်တွင် ရုတ်တရက် ကားတစ်စီးးး
“ ဒုန်း ”..
“အား ”…
သူ ကိုင်ထားသော ဖိနပ်ထုပ်လေးမှာ လေထဲသို့ ၀ဲပျံလျှက်..
သူ့အတွေးထဲတွင် ဖိနပ်နီနီလေးက သမီးလေးရဲ့ ဖြူနုလှပသော ခြေထောက်လေးထက်မှာ…ဟင်..သမီးလေးရဲ့ ကျောင်းစိမ်းဂါဝန်လေးတောင် ဟောင်းနေပြီပဲ..အသစ်ဝယ်ပေးအုံးမှ…လွယ်အိတ်လေးလည်း နွမ်းနေပြီ..ငါ ဆန်အိတ်တွေကို ဒီထက်များများပိုထမ်းပြီး သမီးလေးကို ၀ယ်ပေးရမယ်…
သမီးလေး အတွက်..
သမီးလေး….
ငါ့…သ…….မီး…………လေး……..

ဆန်အိတ်ထမ်းသော နေ့စားအလုပ်သမားဖခင်တစ်ယောက်ရဲ့ မေတ္တာကို မျှဝေခံစားလျှက်..
လမင်းငယ်…

 

မလွမ်းကြေး… July 30, 2012

Filed under: ခံစားမူရသ — လမင်းငယ် @ 1:25 am

နင့်အတွက်ငါက ဘာမှ မဟုတ်ခဲ့ပေမဲ့..ငါ့အတွက်နင်ကတော့…အဖြေရှာမရတဲ့ ပုစ္ဆာ တစ်ပုဒ်..
ချစ်လားလို့ မမေးပါနဲ့..ငါ့ အဖြေကို နင် ကြိုသိပြီးသား မဟုတ်လား…
ဘယ်လောက်ထိချစ်လဲပေါ့…ကလေးလေးလို ဖြေလိုက်ရမှာလား..(မိုးလောက်ကြီး ချစ်ပါတယ်ပေါ့..) ဒါကို နင်ရီအုံးမှာနော်..(တောက်ပို ဆိုပြီးတော့..)
နင့်ရင်ထဲမှာ ဘာရှိသလဲ..ငါ မြင်နေရတယ်ဆိုရင် နင် ယုံမလား..ငါ့ ရင်ထဲမှာကော..နင် ဥပေက္ခာပြုထားခဲ့တာ ကြာလှပေါ့…ဘယ်လိုပဲ ဖြစ်ပါစေ..မဆုံနိုင်တဲ့ လမ်းကိုလျှောက်နေရတဲ့ နင် နဲ့ ငါ့အတွက်..ဝေးကွာခြင်းဆိုတဲ့ တံတိုင်းလေးက ပါးပါးလေးပါ..မဆုံနိုင်ဘူးဆိုတာ ကြိုသိထားတဲ့ ငါတို့အတွက်…အလွမ်းဆိုတာကော…အရေးမပါ အရာမရောက်တဲ့ အရာတစ်ခုပဲ မဟုတ်လား..ဘယ်နေရာမှာနေနေ ဘာတွေလုပ်လုပ် ဘယ်လောက်ပဲ ဝေးနေကြပါစေ…ငါတို့အတွက် တစ်ခုတည်းသောအဖြေက မဆုံနိုင်ခြင်းပါပဲ..ကျောခိုင်းသွားနေတဲ့ ကျောပြင်နှစ်ခုမှာ ကိုယ်စီ ဒဏ်ရာတွေတော့ မရချင်ဘူး..နင့် ကျောပြင်ကို ငါ မငေးချင်သလို ငါ့ ကျောပြင်ဟာလည်း နင် လွမ်းတဲ့အခါ ရေးဆွဲတဲ့ ပန်းချီကား မဖြစ်ချင်ဘူး..ကိုယ်စီရင်ထဲ အမြစ်တွယ်နေတဲ့ အသိတရားတွေနဲ့ပဲ ငါ တို့ လမ်း ငါ တို့လျှောက်ရင်း ကိုယ့်လမ်းကိုယ်ဖောက် ကိုယ့်သမိုင်းကိုယ်ရေး…
ငါတို့ ……..မလွမ်းကြေးနော်….

 

လူမဆန်သောလူသားမိဘနဲ့ ကြွေလွင့်သွားရသော အသက်တစ်ချောင်း ! March 30, 2012

Filed under: စိတ်ကူးထဲက..စာ — လမင်းငယ် @ 2:25 am

အစိုင်အခဲလေးနှစ်ခု…လေးထောင့်မကျ၊ စက်ဝိုင်းလည်းမဟုတ် ရှည်မျှောမျှောလည်း မဆိုသာ။ ဘာပုံစံမှန်းမသိသော အစိုင်ခဲလေးတွေ..ဒါပေမဲ့ သူတို့ စကားပြောတတ်သည်။ တိကျ စွာဖော်ပြရမည်ဆိုပါလျှင် သတ်မှတ်ထားသောအချိန်ကာလတစ်ခုတွင် လူကလေးများဖြစ်လာမည့် သန္ဒေသားလောင်းလေးများပင်ဖြစ်သည်။ သူတို့ဘေးတွင် အလွန်တရာချောမောလှပ သော နတ်သားလေးတစ်ပါး။ ထိုနတ်သားလေးက လူကလေးများဖြစ်လာမည့် သားလောင်းလေးများကို သူတို့သွားရမည့်နေရာကို သတ်မှတ်ပေးရသူ၊ စီမံခန့်ခွဲပေးရသူပင်ဖြစ်သည်။ သူတို့သည် ကျယ်ပြန့်သော မိုးကောင်းကင်ကြီး၏တစ်နေရာ တိမ်စိုင် တိမ်လိပ်များကြားရှိ ဗိမ္မာန်လေးတစ်ခုတွင်နေကြပြီး ကမ္ဘာမြေပြင်ကိုကြည့်ကာ စကားပြောနေကြခြင်းဖြစ်သည်။
“ဟိုမှာတွေ့လား၊ တဲအိမ်လေး..ကလေးတွေလည်း အများကြီး၊ ပြီးတော့ မီးဖိုချောင်လေးမှာ ချက်ပြုတ်နေတာ မင်း အမေပဲ၊ မင်းက သူ့ဆီ သွားရလိမ့်မယ်၊ အဲဒါ မင်းမိသားစုပဲ.“
ဟု နတ်သားလေးက အစိုင်ခဲလေးတစ်ခုအား ပြောသည်။ ထိုအစိုင်ခဲလေးက ပျော်နေသည်။ မကြာခင် သူသည် သားလောင်းလေးအဖြစ် သူ့အမေ၏ ၀မ်းဗိုက်ထဲတွင် ၀င်ရတော့မည် မဟုတ်ပါလား ။
နတ်သားလေးမှဆက်ပြီး နောက် အစိုင်ခဲလေးတစ်ခုသို့..
“မင်း သွားရမဲ့နေရာကတော့ ဟိုဖက်မှာကြည့်လိုက် ဆိုပြီး ကမ္ဘာမြေပြင်တစ်နေရာကို ညွှန်ပြသည်။ ပြီးမှ “လက်တွဲပြီး လမ်းလျှောက်နေတဲ့ စုံတွဲကိုတွေ့လား၊ အဲဒါ မင်း အမေ နဲ့ အဖေပဲ“
ဟုဆိုတော့ ကျွန်တော် အသေချာကြည့်လိုက်သည်။ အားပါး..ကျွန်တော့် အဖေ နဲ့ အမေတဲ့..ချောလိုက်တာ..ကျွန်တော် လွန်စွာမှ ပျော်ရွှင်သွားသည်။ ကျွန်တော့် အမေ ဆိုသူကို ပြန်ကြည့်မိသည်။ တဖန် ပို ပျော်သွားမိပြန်သည်။
ထိုသို့ပြောဆိုပြီးနောက် နတ်သားလေးမှာ ပျောက်ကွယ်သွားသည်။
ကျွန်တော်တို့ နှစ်ယောက်သည်လည်း နတ်သားလေးသတ်မှတ်ပေးထားသော အမေ အသီးသီး၏ ခန္ဒာကိုယ်ဆီသို့ ၀င်ရောက်ကြလိုက်သည်။
ပထမအစိုင်ခဲလေး..
“မောင်ရေ..မင်္ဂလာရှိတဲ့ သတင်းလေးပါပဲ၊ ကျွန်မမှာ ကိုယ်ဝန်ရှိနေပြန်ပြီ…“ဟု ရှက်ပြုံးလေးဖြင့် မိန်းမ က ပြောတော့ ယောက်ျားဖြစ်သူက ၀မ်းသာအားရပင်..
“ဟာားး…သားသမီးဆိုတာ ရတနာပဲကွ၊ ဘုရားပေးတဲ့ လက်ဆောင်ပဲ..၀မ်းသာစရာပါပဲ “ ဆိုပြီး ကလေးများစွာကို ကြည့်ရင်း ပြုံးရွှင်စွာ ပြောလေသည်။ အစိုင်ခဲလေးကတော့ ပြုံးပျော်နေလေသည်။
ဒုတိယ အစိုင်ခဲလေး ..ကျွန်တော်။
ကျွန်တော့်အဖေ နှင့် အမေသည် တိတ်ဆိတ်သောနေရာလေးတွင် တည်ရှိနေသည်ဟု ထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့် အသံမှ မကြားရသောကြောင့်ပင်။ ကျွန်တော့ အမေ မှ စပြောသည်။
“ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ သေချာသွားပြီ၊ အဲဒါ ရှင် ဘယ်လို တာဝန်ယူပေးမှာလဲ “ ဟု ပြောလေသည်။
အဖေက ဒေါသ တကြီးဖြင့်..
“မင်းကွာ..ငါ ဆေးသောက်ပါလို့ ပြောထားရဲ့သားနဲ့ ခုတော့..ဒီကလေးကို ဘယ်လိုလုပ်ယူလို့ရမလဲကွ၊ ငါတို့ကလေးယူလို့မရတဲ့အခြေနေကို သိရဲ့သားနဲ့..မင်းကွာ…“
ကျွန်တော် နားထောင်နေမိသည်။ အမေမှ ဆက်ရွေ့
“သိပါတယ်..ကျွန်မလည်း မထင်မိလို့ ဆေးမသောက်မိတာ..ခုဟာက..“
“ဘာပဲဖြစ်ဖြစ် မရရ အောင်ဖျက်ကွာ၊ လိုအပ်တဲ့ငွေ ငါ အကုန်ပေးမယ် “
အဖေ၏ အမိန့်၊ ကျွန်တော် တုန်လှုပ်သွားမိသည်။ ကျွန်တော့်ကို ဖျက်ချတော့မည်တဲ့..ကျွန်တော့်ကို သတ်တော့မည်တဲ့၊ ကျွန်တော့ အဖေ နဲ့ အမေ ကျွန်တော့်ကို အလိုမရှိကြဘူးတဲ့..ကျွန်တော်ကြောက်လန့် တုန်လှုပ်စွာ အော်နေမိသည်။ မသတ်ပါနဲ့ ..ကျွန်တော့်ကို မသတ်ကြပါနဲ့ဗျာ..ကျွန်တော် မသေချင်ဘူးဗျာ..ကျွန်တော် တုန်လှုပ်စွာ အော်ပြောနေပေမဲ့ အမေ နဲ့ အမေ ကတော့ ကျွန်တော့ တောင်းပန်သံကို ကြားမှာ မဟုတ်ပါဘူးလေ..
ကြီးမားလေးလံသော အရာတစ်ခုက ကျွန်တော့်အပေါ် တစ်ခါတရံ လာဖိသည်ဟု ခံစားရသည်။ တစ်ချက် တစ်ချက် နာကျင်စွာ ခံစားရသည်။ တစ်ဆက်တည်းမှာပင် အမေ၏ အော်ညည်းသံကိုပါ ကြားလိုက်ရသည်။
“အမလေး..နာလိုက်တာ အဒေါ်ရယ်..ဖြည်းဖြည်းလုပ်ပါ..အရမ်း မဖိပါနဲ့…အား..“
ရပ်ကွက်တစ်ခုထဲမှ လက်သည်တစ်ယောက်နှင့် သားလောင်းလေးကို ဖျက်ချနေကြခြင်းဖြစ်သည်။
လက်သည်ဆိုသူ မိန်းမကြီင်္းက မည်မျှပင်ကြိုးစားစေကာမူ ထူးမခြားလာခဲ့..
ကျွန်တော် တောင့်ခံထားသည်။ ကျွန်တော် မသေချင်ပါ။ ကျွန်တော် လူဖြစ်ချင်သေးသည်။ ဒီကမ္ဘာမြေပြင်ကို အကျိုးပြုသော လူသားကောင်းတစ်ယောက်ဖြစ်ချင်သေးသည်။ ထို့ကြောင့်ပင် ကျွန်တော် တောင့်ခံထားသည်။ နောက်ဆုံးတွင် ကျွန်တော့် အမေက..
“ အား..ကျွန်မ မခံနိုင်တော့ဘူး၊ အရမ်းနာနေပြီ..တော်ပါတော့ ကျွန်မ ဆက်မလုပ်ပါရစေနဲ့တော့ “ ဟု ဆိုကာမှ ကျွန်တော် သက်သာရာရသွားတော့သည်။ တော်သေးတာပေါ့..ကျွန်တော်တောင့်ခံထားနိုင်လို့။ မဖြစ်တော့ဘူး..ကျွန်တော့် အမေ ကို အိမ်မက် ပေးမှ ဖြစ်တော့မယ်..ကျွန်တော် ဒီည အမေ့ အိမ်မက်ထဲဝင်လိုက်သည်။ အမေ့ ကို တောင်းပန်သည်။ ကျွန်တော့်ကို လက်ခံဖို့။ ကျွန်တော် အမေ နဲ့ အဖေ သာမက ဒီကမ္ဘာမြေကို အကျိုးပြုမယ် ဆိုတာ ကျွန်တော့် အမေ ကို အိမ်မက်ထဲမှာ ပြောလိုက်သည်။
နောက်တစ်နေ့…
ကျယ်လောင်သော အော်သံကြောင့် ကျွန်တော် လန့်နိုးသွားခဲ့သည်။ အသေချာ နားထောင်ကြည့်တော့ အမေ နဲ့ အဖေ စကားများနေကြခြင်းဖြစ်သည်။
“မင်းကွာ ခဏလေးသည်းခံလိုက်တာမဟုတ်ဘူး..ရတော့မဲ့ဟာကို..“
“ဟာာ..ရှင် မစာမနာ ပြောရက်တယ်..ဘယ်လောက်နာကျင်လဲ ရှင် သိလို့လား..ခံစားရတာက ကျွန်မရှင့်..`
အဖေ၏ အပြစ်တင်သံ၊ အမေ၏ ဒေါသတကြီး ပြန်လည်အော်ဟစ်သံ..ကျွန်တော့်ကြောင့် အဖေ နှင့် အမေ ရန်ဖြစ်နေရပြီ၊ ကျွန်တော် စိတ်တော့ မကောင်းပါ။ ဒါပေမဲ့ ကျွန်တော် လူဖြစ်ချင်သေးသည်လေ။ ကျွန်တော် တတ်နိုင်သမျှ ရပ်တည်နိုင်အောင် ကြိုးစားရမည်လေ။
အမေ မှ ဆက်ပြောသည်။
“ကျွန်မ ဒီကလေးကို ယူလိုက်ချင်တယ်..ကျွန်မ ကို အိမ်မက် ပေးတယ်..သူ့ကို လက်ခံပါဆိုပြီး..“
“`တော်..“ အမေ့ စကားပင် မဆုံးသေး အဖေ ၏ တားမြစ်သံ ထွက်ပေါ်လာသည်..ပြီးမှ အဖေ စိတ်ပျက်စွာ ဆက်ပြောသည်။
“မင်းတို့ မိန်းမတွေက အဲဒါပဲ..လိုချင်တိုင်း လျှောက်ပြော..လျှောက်ယုံနေ..အိမ်မက်ဆိုတာ အလကားပဲ စိတ်စွဲလန်းလို့ မှတ်တာ ယုံမနေနဲ့…ပြီးတော့ အခြေနေ ကော ဘာထူးလဲ..“ဟု အမေ့ကိုမေးတော့ အမေက..
“ဘာမှ မထူးဘူး“
“မဖြစ်တော့ဘူးအဲဒါဆို ကြာရင်မင်းအတွက် မကောင်းဘူး..ဆေးခန်းပဲ သွားလိုက်ရအောင် နော်..“
ဆိုတဲ့ အဖေ့ အသံကို ကြားလိုက်ရသည်။ သူတို့ ကျွန်တော့်ကို နောက်တဖန် နောက်တနည်းနဲ့ သတ်တော့မယ်ဆိုတာ ကျွန်တော် သိလိုက်သည်။
ဆေးခန်းရောက်တော့ ဆရာဝန်က “သွေးပေါ်ဆေး“ ဆိုတာကို ထိုးပေးလိုက်သည် တဲ့…
နောက်တစ်နေ့..
ကျွန်တော့် တစ်ကိုယ်လုံး နာကျင်လာသည်။ ပူလောင်လွန်းလှသည်။ မီးမြိုက်ထားသလိုပင် ခံစားရသည်။
“အား..နာလိုက်တာဗျာ..ပူလိုက်တာဗျာ..“ ကျွန်တော် တောင့် မခံထားနိုင်တော့..ကျွန်တော် ခံနိုင်ရည် မရှိတော့..ကျွန်တော့ အစိုင်ခဲ တစ်စိတ်တဒေသ အရည်ပျော်နေလေပြီ..ကျွန်တော် အသက်ရှူလို့ မရတော့…
“ ရက်…စက်…..လိုက်….တာ…..ဗျာ…..“
ထိုအစိုင်ခဲလေးသည် မဖြည်းဖြည်း အရည်ပျော်ကျကာ သူ၏မိခင် ခန္ဒာကိုယ် အပြင်ဖက်ဆီသို့….
……………………………
ကောင်းကင် တိမ်စိုင် တိမ်လိပ်တွေကြားမှ တည်ရှိနေသော ဗိမ္မာန်လေးတွင် နတ်သားလေး စာအုပ်တစ်အုပ်နှင့် အလုပ်ရှုပ်နေလေသည်။
မိမိ ပို့ဆောင်ထားသော သားလောင်းလေးများ အခြေနေကို ကြည့်ရှူနေခြင်းဖြစ်သည်။
နတ်သားလေး မျက်နှာ ညိုးနွမ်းသွားသည်။
သူ ပို့ဆောင်လိုက်သော သားလောင်းလေး သေသွားပြီ ဆိုတာကို ၀မ်းနည်းစွာ သိလိုက်ရသောကြောင့်ဖြစ်သည်။ နှုတ်မှလည်း ရေရွတ်နေသည်။
“ဒီတခါ ပို့ဆောင်လိုက်တဲ့ သားလောင်းလေး လူ မိန်းမ သတ်လိုက်တဲ့ သားလောင်းလေးက ကမ္ဘာမြေပြင်အတွက် အထူးလက်ဆောင်ပေးထားတဲ့ တန်ဖိုးရှိတဲ့ လူတစ်ယောက်ပဲ.ဒါကို ရက်ရက်စက်စက် သတ်လိုက်ကြပါလားကွာ..အတော်ကို မိုက်မဲ တဲ့ လူသားတွေပဲ..“ဟုဆိုရင်း ခေါင်းကို တွင်တွင်ရမ်းနေလေသည်။
ဒီ ကမ္ဘာမှာ မိခင်တွေ မိမိဆီ ရောက်ရှိလာပြီး လူမဖြစ်သေးတဲ့ သားလောင်းလေးတွေကို ဘယ်လောက်တောင်များ သတ်ခဲ့ပြီးပြီလဲ..
သင်ကော..
သင်သာ သတ်ခဲ့မယ်ဆိုရင် ..သင်သတ်ခဲ့တဲ့ သားလောင်းလေးက နတ်သားလေး လက်ဆောင်ပေးတဲ့ တန်ဖိုးရှိတဲ့ သားလောင်းလေး ဖြစ်နေခဲ့မယ် ဆိုရင်ကော…….

လမင်းငယ်.

 

April Fool ! March 26, 2012

Filed under: ၀တ္ထုတိုလေးများ — လမင်းငယ် @ 3:53 am

သစ်ရွက်လေးများ ညိုးနွမ်းခြောက်သွေ့ကာ မြေပြင်ပေါ်သို့ ဆင်းသက်ရလေပြီ..ပူပြင်းလှသော နွေရာသီ..ထိုသို့သော နွေ၏ အပူဒဏ်ကို အံတုကာ ကျွန်မ..ခြံထဲရှိ အေးမြမှုကို ပေးစွမ်းနိုင်သော သရက်ပင်ကြီးအောက်ရှိ ဒန်းလေးပေါ်တွင် အေးအေးလူလူစာအုပ်ဖတ်ရန် ဆင်းလာခဲ့သည်။ ထိုဒန်းလေးပေါ်သို့ထိုင်ပြီး စာအုပ် ဖတ်ကာစပင်ရှိသေး..
“အန်တီလေး ဖုန်း..“
ဟု ဆိုသော လေးနှစ်အရွယ် တူမလေး၏ခေါ်သံကြောင့် ဖတ်လက်စ စာအုပ်လေးကိုထားကာ..မထချင် ထချင်ပဲထပြီး တယ်လီဖုန်းရှိရာ ဧည့်ခန်းလေးဆီသို့ လျှောက်သွားလိုက်သည်။ ဘေးချထားသောဖုန်းလေးကို ကောက်ကိုင်စဉ်မှာပဲ တူး တူး ဆိုသောအသံကိုသာကြားရသဖြင့် ကျွန်မ သိလိုက်သည်။ ထိုစဉ်မှာပင် ကိုကိုကြီး၏ April Fool ဟု ကျယ်လောင်သော အော်သံနှင့်အတူ အားလုံး၏ ရယ်မောထောမနာသံကိုပါ ကြားလိုက်ရသည်။ ကျွန်မလည်း ရှက်ရမ်းရမ်းရင်း…
။ ကိုကိုကြီးနော်..ကိုယ့် ညီမလေးရုံးပိတ်ရက်လေးမှာ နားနားနေအနားယူနေတာကို နှောင့်ယှက်ရက်တယ်..ဟုဆိုပြီး ပြန်လှည့်ထွက်လာလိုက်လေသည်။
ဟေ့ April fool နော် စိတ်မဆိုးရဘူးလေ ညီမလေးရဲ့..ဟုဆိုသော ကိုကိုကြီး၏စကားနှင့်အတူ ရယ်သံတွေကိုပါ ကျောခိုင်းပြီး ဒန်းလေးပေါ်သို့ ပြန်ထိုင်ကာ သက်ပြင်းတစ်ခုကို ဖြည်းညင်းစွာချလိုက်မိသည်။ ကျွန်မ၏အတွေးများက လွန်ခဲ့သော အတိတ်ကာလတစ်ခုဆီသို့ စီးမျှောသွားခဲ့သည်။
ဆန်းကြယ်လှသော ကံကြမ္မာ၏ လှည့်ကွက်တစ်ခုစီသို့….

ကျွန်မတွင် အလွန်ချစ်ရသော သူငယ်ချင်းနှစ်ယောက်ရှိသည်။ နဒီဆိုသော ကောင်လေးနှင့် မြတ်နိုးဆိုသော သူငယ်ချင်းမလေးပင်။ ကျွန်မတို့သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက် အလွန်သံယောဇဉ်ရှိကာ ငယ်စဉ်လေးကတည်းက အတူကြီးပြင်းလာကြသော အိမ်နီးချင်းများလည်းဖြစ်သည်။ မိဘချင်းလည်း ခင်ခင်မင်မင်ရှိကြသည်။ ထို့ကြောင့် သွားအတူ လာအတူ စားအတူနှင့် မခွဲတမ်း အမြဲတွဲဖြစ်ကြသည်။ နဒီ နှင့် မြတ်နိုးမှာမူ ကျွန်မတို့ တက္ကသိုလ် နောက်ဆုံးနှစ်ရောက်မှသာ အဖြူရောင်သူငယ်ချင်းသံယောဇဉ်ကို ကျော်လွန်ကာ ချစ်သူဘ၀သို့ အော်တို ကူးပြောင်းသွားခဲ့ကြသည်။ ထိုသို့ ကူးပြောင်းသွားသော်လည်း ကျွန်မတို့ သုံးယောက်မှာ မခွဲ တွဲမြဲပင်ဖြစ်သည်။ မိဘများကလည်း သူတို့ကို သဘောတူထားကြ လေသည်။ မြတ်နိုး သည် အစ အနောက် အလွန်သန်ပြီး ပျော်ပျော်နေတတ်သူ။ သူ့ကိုကြည့်လျှင် အမြဲ လွတ်လပ်ပေါ့ပါးနေပြီး ပျော်ပျော်ရွှင်ရွှင်နှင့် အလွန်ချစ်စရာကောင်းသူလေးပင်ဖြစ်သည်။ သူမ စ နောက်လျှင်လည်း အတည်ပေါက်နှင့် ယုံအောင် စ တတ်သည်။ သူ စနေသည်ကို သတိထားရင်းပင် ယုံမိသူချည်း။ ထိုသည်ပင် သူမ ၏ပါရမီ..မြတ်နိုးချစ်သူ နဒီမှာ မူ မြတ်နိုးနှင့် ဆန့်ကျင်စွာ တည်ငြိမ်အေးဆေးပြီး အယုံလွယ်သူ..မြတ်နိုးစ နောက်သမျှကို အမှတ်မရှိ အမြဲ ယုံနေသူ..မြတ်နိုး၏ အဓိက သားကောင်။
မြတ်နိုးသည် မည်မျှ အစ နောက်သန်လည်း ဆိုလျှင်..တစ်ခါက…
မြတ်နိုးသည် ညိုးငယ်သော မျက်နှာလေးနှင့် မျက်ရည်လေးများဝဲကာ တုန်ယင်သောအသံဖြင့် နဒီအား..
္ဒ“ နဒီရယ်..မြတ်နိုးကို..မြတ်နိုးကို မေ့လိုက်ပါတော့နော်.“.။ ဟုဆိုပြီး ငိုလေသည်။
နဒီလည်း ခြေမကိုင်မိ လက်မကိုင်မိ ထိတ်လန့်စွာဖြင့် …
မြတ်နိုး ဘာတွေ ပြောနေတာလဲ..ဘာလို့ ကိုယ်က မြတ်နိုးကို မေ့ရမှာလဲ..ကိုယ့်ကို အသေချာပြောပြပါကွာ..ဟုဆိုတော့ မြတ်နိုးက မျက်ရည်များကိုသုတ်ပြီး တည်ငြိမ်သောအသံဖြင့်..
`နဒီ မြတ်နိုးပြောတာ သေချာနားထောင်ပါ..ပြီးရင် မြတ်နိုး ဆုံးဖြတ်ချက်ကို လက်ခံပါ​`
နဒီသည် တစ်ခုခုပြောမည်ပြင်တော့ မြတ်နိုးက လက်ကာပြီး..
`မြတ်နိုးပဲ ပြောပါရစေ..မြတ်နိုးပြောတာ ဆုံးအောင်နားထောင်ပါ..
နဒီမှာ အမိန့်နာခံသော စစ်သားတစ်ယောက်လိုပင် မြတ်နိုး မျက်နှာလေးကိုသာ ငေးကြည့်ပြီး ပြောလာမည့်စကားကို အာရုံစိုက်နေလေသည်။ မြတ်နိုးက ဆက်ပြီး..
`အခု မြတ်နိုး မိန်းကလေးရောဂါတစ်ခုကြောင့် သားအိမ်ထုတ်လိုက်ရပြီ နဒီ၊ ဟိုတလောက မြတ်နိုး ခဏ ခဏဗိုက်အောင့်နေတာ နဒီ သိတယ်မဟုတ်လား..အဲဒါ ဆေးခန်းသွားပြတော့ မြတ်နိုး Operation ၀င်လိုက်ရတယ်..ဒီလောက်ဆို နဒီ သဘောပေါက်လောက်ပါပြီ..မြတ်နိုးလေ နဒီအတွက် ရင်သွေးလေးတွေ မမွေးပေးနိုင်တော့ပါဘူး..အဲဒါကြောင့် အဲဒါကြောင့် ဆိုပြီး တွင်တွင် ငိုလေတော့သည်။
နဒီမှာ ပျာပျာသလဲနှင့်..
`အာ..မြတ်နိုးကလည်း မြတ်နိုး ကလေးမရနိုင်တာနဲ့ ကိုယ် မြတ်နိုးကို မေ့ပစ်လိုက်ရမှာနဲ့ ဘာဆိုင်လို့လဲ..ကိုယ် မြတ်နိုးကို ဘာဖြစ်ဖြစ် ချစ်တာပါ.နော် မြတ်နိုး ကိုယ်မြတ်နိုးကို ဘာအကြောင်းကြောင့်မှ မစွန့်လွတ်ဘူးနော်..` ဟု ဆိုပြီး မြတ်နိုးကို ရင်ခွင်ထဲသို့ သွင်းထားလိုက်သည်။
မြတ်နိုးသည် မျက်ရည်များကြားထဲက အပြုံးပန်းတစ်ပွင့်ကို ပန်ဆင်လိုက်ပြီး..ရင်ခွင်ထဲမှ ထွက်ကာ..
` နဒီရယ် မြတ်နိုးကို အဲဒီလောက်ထိ ချစ်တာပဲလားဟင်..ဒါပေမဲ့ နဒီ သေချာစဉ်းစားပါ..မြတ်နိုးလည်း စဉ်းစားမယ်..စဉ်းစားချိန်တစ်ပတ်အတွင်း မြတ်နိုးတို့ မတွေ့ကြဘူးနော်..ဆိုပြီး နဒီ့ထံမှ ပြေးထွက်လာခဲ့သည်။
ထိုအချိန်မှစရွေ့ နဒီမှာ မစားနိုင် မသောက်နိုင် တမှိုင်မှိုင် တတွေတွေနှင့် ဖြစ်သွားလေသည်။ ကျွန်မကိုလည်း စကားမပြောတော့…မြတ်နိုးသည်လည်း အံ့သြစရာကောင်းလောက်အောင် ငြိမ်ချက်သားကောင်းနေပြီး အိမ်တွင်းပုန်းနေလေသည်။
ကျွန်မလည်း မြတ်နိုးဆီသို့သွားကာ အခြေနေကို မေးတော့မှ အကြောင်းစုံကို သိရတော့သည်။ မရွှေချော ပြောပုံကိုလည်းကြည့်အုံး..
`ဟီး..ငါ နဒီကို နောက်ထားတာဟ..နဒီရယ် မြတ်နိုးမှာ အမျိုးသမီးရောဂါကြောင့် သားအိမ်ထုတ်ထားရပါပြီ..အဲဒါကြောင့် မေ့လိုက်ပါတော့ ဆိုပြီးတော့လေ..နောက်ပြီး ပိုပီပြင်အောင် အိမ်တွင်းပါ ပုန်းနေလိုက်တာ.အိမ်တွင်းပုန်းရတာ ပျင်းတော့ ပျင်းသား..ဟီး ` တဲ့..အဲဒီအကြံကို ဘယ်က ရလဲဆိုတော့..ကျန်းမာရေးစာစောင်တစ်ခုထဲက ၀တ္တုတစ်ပုဒ်ထဲကပါ တဲ့..ပြီးတော့ ဆက်ပြောသေးသည်။
` စိတ်မပူပါနဲ့ဟာ နဒီက ငါ ချစ်လို့စတာပါ ဆိုပြီး ချော့လိုက်ရင် ပြန်ပြေလည်သွားမှာပါ ` ဆိုတဲ့အတိုင်းပင် တစ်ပတ်ပြည့်တော့ သူတို့နှစ်ဦး ပြန်လည် ပြေလည်သွားတော့သည်။
အစ နောက်သန်သော မိမြတ်နိုး အမှတ်မရှိ အယုံလွယ်သော မောင်နဒီ နှင့် သူတို့ကြားထဲက ကျွန်မ တို့မှာ စ ရင်း နောက်ရင်း အချိန်တွေကုန်ဆုံးရင်းနှင့်…
တစ်နေ့..
မထင်မှတ်သောနေ့..ချစ်သူနှစ်ဦးကို ရက်စက်စွာခွဲခွာစေသောနေ့..သာယာလှပသောနေ့လေးမှ အကျည်းတန်သော နေ့လေးအဖြစ် ပြောင်းလဲသွားသည့်နေ့…
ဧပြီ 1 ရက်နေ့…
ထိုနေ့က လွန်စွာမှ သာယာနေခဲ့ပါသည်။ နွေဆိုပေမဲ့လည်း ပြင်းပြင်းထန်ထန်ပူအိုက်ခြင်းမရှိခဲ့..မှတ်မှတ်ရရပင် သင်္ကြန်အကြိုမိုးလေးပါ သွန်းဖြိုးပေးခဲ့သေးသည်။
ထိုနေ့တွင် ကျွန်မတို့ မတွေ့တာကြာပြီဖြစ်သော တက္ကသိုလ်မှသူငယ်ချင်းများနှင့် မြတ်နိုးအိမ်တွင် မုန့်လုပ်စားရန် ချိန်းထားသောကြောင့် မြတ်နိုးအိမ်တွင် သူငယ်ချင်းများနှင့် စီကားနေခဲ့သည်။
ကျောင်းတုန်းက အဖြစ်ပျက်များကို ပြန်လည်ပြောကာ ရယ်မောနေကြသည်။ ထိုအခိုက်..သင်းသင်းဆိုသော သူငယ်ချင်းမှ..
`ဟဲ့ မြတ်နိုး ဒီနေ့ ဘာနေ့လဲ သိလား `
`တနင်္ဂနွေ ` ဟု မေလှိုင် က ဖြေသည်။ မြတ်နိုးက
`အင်း တနင်္ဂနွေ နေ့လေ..ဘာဖြစ်လို့လဲ..` ဆိုတော့ သီရိ ဆိုသူလေးက
`ဟာာ မြတ်နိုးရယ်..ဒီကမ္ဘာပေါ်မှာ နင့်လောက် အစနောက်သန်တာ နင်ပဲရှိတယ်..နင်က ဒီနေ့ကိုများ မေ့ရတယ်လို့..အံ့ပါရဲ့ အံ့ပါရဲ့..ဆိုပြီး ဒေါ်မြလေး အိုင်တင်နှင့် ပြောလေသည်။
ထိုအခါမှ မြတ်နိုးက..
` အား..ဒီနေ့ April Fool ပဲ..ဟုတ်ပါရဲ့ မေ့နေတဲ့ ငါ့ ဦးနှောက်ကို မုန်းလိုက်တာ..ဟိ..ဘယ်သူ့ကို စ နောက်ရရင် ကောင်းမလဲ ဆိုပြီး ကျွန်မကို ကြည့်လေသည်။ မဟာ့ မဟာ ကံထူးရှင်ကတော့ မြတ်နိုး၏ သားကောင် နဒီပဲဖြစ်လိမ့်မည်ဟု တွေးနေစဉ် အတွေးပင် မဆုံးလိုက်ရ..
`ဟုတ်ပြီ..နဒီ့ကို နောက်ရမယ်..ဒီတခါတော့ တကယ့်အပီပြင်ဆုံးနဲ့ တစ်သက်လုံးအမှတ်ရနေအောင် နောက်မယ်..အဲ ဘယ်လိုနောက်ရမလဲဆိုတာ ငါ့ ကို အကြံပေးကြအုံး` ဟု ဆိုလေသည်။ သင်းသင်းက..
`နင်ပဲ အဲဒီလိုညာဏ်တွေမြူးတာ မြတ်နိုးရဲ့..ငါတို့က မရဘူး..အဲဒီတော့ နင်ပဲ စဉ်းစား..ငါတို့က ကူညီမယ်..ဟုတ်တယ်နော်..` ဟုဆိုပြီး သူငယ်ချင်းများဖက်လှည့်ကာ ထောက်ခံမှု ယူလေသည်။ အားလုံးကလည်း ပြိုင်တူပင် ခေါင်းညိတ်ကြသည်။ မြတ်နိုးသည် ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက်ကာ စဉ်းစားနေသည်။ သူမ ပုံစံက ရှားလော့ဟုမ်း လိုလိုပင်..ရုတ်တရက်..
`ဟာ အကြံရပြီ..ဆိုပြီး ဦးစံရှား အိုက်တင်နှင့် ကျွန်မကို လက်ညိုးထိုးကာ..
`ယမင်း နင် နဒီ့ဆီဖုန်းဆက်..အခု နဒီ သူ့အိမ်မှာ မရှိဘူး..မြို့ထဲက သူ့အဘွားအိမ်ရောက်နေတယ်..ဒီနေ့ မပြန်လာသေးဘူးတဲ့..“
`အင်း ဆက်ပြီး ဘာပြောရမှာလဲ“
“ဒီလိုလေဟာ..နင်က အိုက်တင်တော့ ပိုင်ရမယ်နော်…နဒီ မြတ်နိုးလေ..ကားအက်စီးဒင့်ဖြစ်လို့ အခု ဆေးရုံကြီးမှာဆိုပြီး အသံ တုန်တုန်ယင်ယင်နဲ့ ပြောရမယ်` ဟု ဆိုတော့ ကျွန်မ ချက်ချင်းပင်.
`အာ..မြတ်နိုးကလည်း အဲဒီလိုတော့ မနောက်ပါနဲ့ဟာ..နမိတ်မရှိပါဘူး..ပြီးတော့ နင်တို့က မကြာခင်ပဲ မင်္ဂလာဆောင်တော့မှာ အဲဒီလိုနောက်လို့ မကောင်းပါဘူးဟာ..`ဟုဆိုရာ ကျန်တဲ့ သူငယ်ချင်းများကလည်း ကျွန်မစကားကို ထောက်ခံ ကြသည်။ သို့သော် မြတ်နိုးက..
`အာ..နင်တို့ကလည်း အယူမသီးစမ်းပါနဲ့ဟာ..April Fool ပဲဟာ..ပြီးတော့ ငါတို့မင်္ဂလာမဆောင်ခင် အမှတ်တရပေါ့..နဒီ ပျာပျာလဲလဲနဲ့ ဆေးရုံကိုရောက်လာချိန်မှာ ငါတို့က သူ့ရှေ့မှာ ဘွားကနဲ့ပေါ်ပြီး April Fool လို့ အော်ကြမယ်..သူရဲ့ ပျာပျာသလဲ ပုံကိုလည်း ဓာတ်ပုံရိုက်ထားမယ်..အဲ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ ငါတို့ရဲ့ သားသား မီးမီးလေး တွေကို တွေ့လား ဒီမှာ မေကြီးနောက်လို့ ဖေကြီးစိုးရိမ်တဲ့ပုံဆိုပြီး ပြန်ပြမယ်လေဟာ..မကောင်းဘူးလား“ ဟုဆိုပြီး သူမဘာသာ သဘောကျစွာ ရယ်နေလေသည်။ ပြီးနောက် အရီရပ်ပြီး ဆက်ပြောသည်။
နဒီ့ကို ဒီတခါ နောက်ပြီးရင် နောက်တခါ သူစိတ်ဆင်းရဲအောင် ဘယ်တော့မှ မနောက်တော့ပါဘူးဟာ…
ကျွန်မတို့လည်း မြတ်နိုးကို ဆန့်ကျင်မနေတော့ပဲ သူပြောသလိုပင် နဒီ့ဆီသို့ဖုန်းဆက်ရန် တယ်လီဖုန်းကောက်ကိုင်လိုက်သည်။ နဒီ၏ hand phone နံပါတ်လေးကို အသာယာပင်နှိပ်လိုက် သည်။ နဒီ့ ဖုန်းဝင်သွားလေပြီ။
`ဟဲလို ဆိုသော နဒီ့အသံကြားသည်နှင့် ကျွန်မ မှာ အသံကို ကတုန်ကယင် တမင်ပြူကာ..
`နဒီ မြတ်နိုးလေ..မြတ်နိုး ဆိုပြီး ဆက်မပြောပဲ ရပ်နေလိုက်သည်။ ဒါမှ ပိုပီပြင်မှာ မဟုတ်လား..ထိုအခါ တဖက်မှ စိုးရိမ်သောလေသံဖြင့်..
`ယမင်း ပြောလေ..မြတ်နိုး ဘာဖြစ်လို့လဲ ပြောလေ..“
“မြတ်နိုးလေ..ကား အစီးဒင့်ဖြစ်လို့ အခု ဆေးရုံကြီးမှာ..စကားပင် မဆုံးလိုက်ရ..တဖက်မှ ဖုန်းချသွားလေပြီ..နဒီတစ်ယောက် ပျာယာခတ်သွားလေပြီ..ကျွန်မလည်း အောင်နိုင်သူ အြ့ပုံးနှင့် ဘယ်လိုလဲ ပိုင်တယ်မဟုတ်လား ဆိုသော ပုံစံနှင့် မြတ်နိုးကို ကြည့်တော့..အပိုင်သိနေသောမြတ်နိုးက..
“နဒီတစ်ယောက် ခုလောက်ဆို မျောက်မီးခဲကိုင်ရသလို ဖြစ်နေလောက်ပြီ..သူ ဆေးရုံကိုသွားလောက်ပြီဟ..ကဲ သူငယ်ချင်းတို့ ငါတို့ နဒီထက်စောပြီး ဆေးရုံကို စောရောက်ဖို့လိုတယ်..ကဲ လစ်ကြစို့` ဟု ဆိုသောကြောင့် ကျွန်မတို့မှာ မြတ်နိုး၏ နောက်သို့..လိုက်လာကြသည်။
မြတ်နိုးက ကားမောင်းပြီး ကျွန်မက သူမ၏ဘေးမှာ..ကျန်တဲ့ သူငယ်ချင်းသုံးယောက်ကတော့ နောက်ခန်းမှာ.စကားကိုပေါက်ပေါက်ဖောက်သလို မနားတမ်းပြောရင်း လိုက်ပါလာလေသည်။ မြတ်နိုးကတော့ သီချင်းတအေးအေး ပေါ့ပေါ့ပါးပါးနှင့်..ကျွန်မကတော့ ဘာကိုမှန်းမသိ စိုးရိမ်မိနေသည်။
ဆေးရုံကြီးသို့ရောက်ခါနီး လမ်းကွေ့တနေရာရောက်တော့ သင်းသင်းမှ ပျာပျာသလဲနှင့်..
“မြတ်နိုး ဟိုမှာ ကြည့်ပါအုံး..အဲဒါ နဒီ့ ကားမဟုတ်လား..သစ်ပင်နဲ့ ၀င်တိုက်ထားတယ်..လူတွေလည်း အုံလို့..“ဟုဆိုလေသည်။
မြတ်နိုးလည်း ကားရပ်လိုက်ပြီး အုံနေသည့် လူအုပ်ကြားထဲကို တိုးဝင်ကာ ကြည့်လိုက်တော့ မြတ်နိုး မျက်နှာမှာ သွေးပင်မရှိတော့..ကားမောင်းသူနေရာမှာပင် ခေါင်းငိုက်စိုက်ကျနေသော သွေးအိုင်ထဲမှ နဒီ..လူအုပ်ထဲမှာ လူကြီးတစ်ယောက်က ..
`ဒီကလေးကလေ ဘာကိုလောနေတာလဲမသိဘူး ကားကို စွတ်ရမ်းမောင်းတာ..အဲဒါ တဖက်ကလာတဲ့ကားကို မရှောင်နိုင်ပဲ ဒီအပင်နဲ့ ၀င်ဆောင့်တောပေါ့..“ဟု ရှင်းပြနေသောလည်း မြတ်နိုးသည် အသိစိတ်ကင်းမဲ့နေသော သူတစ်ယောက်ပမာ အသက်ကင်းမဲ့နေသော နဒီကို ဖက်လျှက်..
“နဒီ မြတ်နိုးကို April Fool လုပ်နေတာလား..နဒီရယ် အဲဒီလိုတော့ မနောက်ပါနဲ့နော်..ဆိုပြီး သူငယ်ချင်းများဖက်သို့လှည့်ကာ..ဟဲ့ နဒီ ငါ့ကို April Fool လုပ်နေတယ်..နင်တို့ကလည်းခေါ်ပေးလေဟာ..မနောက်တော့နဲ့လို့ ပြောပေးလေဟာ..“ဟု ဆောက်တည်ရာမရဖြစ်ပြီး အရူးတစ်ယောက်လိုပင် ငိုကြွေးနေတော့သည်။ သူငယ်ချင်းများမှာလည်း ငိုကြလေပြီ..ထိုအခိုက် ရဲဝတ်စုံနှင့် လူကြီးတစ်ယောက်ရောက်လာပြီး..
“သမီးတို့ အသိလား..သူ ဆုံးသွားပါပြီ..သူ့ကိုခေါ်သွားရမှာမို့ ဦးတို့ကို ခွင့်ပြုဦးနော်..“ဟုဆိုတော့မှ ကျွန်မတို့လည်း အသိပြန်ဝင်လာကာ မြတ်နိုးကို ဆွဲထူလိုက်ကြသည်။အသက်မဲ့နေသော နဒီ့ခန္ဒာကိုယ်ကိုတော့ သယ်သွားကြလေပြီ..မြတ်နိုးသည် သယ်ဆောင်သွားခြင်းခံရသော နဒီ့ကို ကြည့်ကာ ခေါင်းကို တွင်တွင်ရမ်းရင်း..မျက်ရည်များကြားထဲမှ..
`ငါ မှားသွားပြီ..ငါ အရမ်းမှားသွားပြီ နဒီရယ်..ငါ နင့်ကို သတ်လိုက်တာ..“ဟူရွေ့ပင် အကြိမ်ကြိမ်ရေရွှတ်နေတော့သည်။ သူ၏ နောင်တကား အလွန်တရာမှ နောက်ကျ သွားလေပြီ..သာယာလှပသောနေ့လေးတစ်နေ့မှ အကျည်းတန်လှသော နေ့လေးအဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်းသွားလေသည်။ ကံကြမ္မာသည် အလွန်ချစ်ကြသော ချစ်သူနှစ်ဦးကို မျက်နှာသာ မပေးတော့ပေ။
ထိုနေ့ ထိုအချိန်မှစရွေ့ မြတ်နိုးသည် မည်သူ့ကိုမှ စကားမပြောတော့ပါ၊ မည်သူ့ကိုမှလည်း မသိတော့ပါ၊ သူမ၏ အခန်းထဲမှလည်း မထွက်တော့ပေ။ သို့သော် ဧပြီလ (၁) ရက်နေ့ ရောက် တိုင်းတွင်တော့ ၀ရံတာကိုထွက်ကာ တစ်ယောက်တည်း စကားတွေပြောနေတတ်သည်။ ထိုသို့နေရင်းနှင့် တစ်ခုသော ဧပြီ 1 ရက်နေ့လေးတွင်ပင် သူမချစ်သော သူမ၏ နဒီနောက်သို့ ကျွန်မတို့အားလုံးကို ကျောခိုင်းကာ အပြီး လိုက်သွားလေသည်။
……………………
……………………
………………….
ဖြုတ်ကနဲ ကြွေကျလာသော သစ်ရွက်လေးသည် ကျွန်မ၏ ကိုယ်ပေါ်သို့ ကျလာခဲ့လေသည်။ ထိုသစ်ရွက်လေးကြောင့် ကျွန်မ၏ အတိတ်ကမ္ဘာထဲမှ ပြန်လည် ထွက်ရှိလာနိုင်ခဲ့သည်။
`သြော် ..အခုချိန်ဆို မြတ်နိုးနဲ့ နဒီတို့ ကောင်းကင်ဘုံမှာ ပျော်နေရောပေါ့..ဟု ကောင်းကင်ကြီးကို မော့ကြည့်ရင်း ရေရွတ်မိသည်။
ကျွန်မ ထင်ပါသည်။ ကျွန်မချစ်သော ကျွန်မ၏ သူငယ်ချင်းနှစ်ယောက်သည်လည်း ကျွန်မကို ငုံ့ကြည့်ပြီး ပြုံးနေကြပါလိမ့်မည်။

လမင်းငယ်..
စာဖတ်သူရင်ထဲ တစ်စုံတစ်ခု ကျန်ခဲ့မည်ဆိုပါလျှင်…

 

နှစ်တစ်နှစ်ရဲ့ အလွမ်း… March 25, 2012

Filed under: ခံစားမူရသ — လမင်းငယ် @ 2:06 am

အလွမ်း

ထားခဲ့ရသူနဲ့ ကျန်ရစ်ခဲ့ရသူ..

ဘယ်သူက ပိုနာကျင်ရမလဲ..သေချာတာတစ်ခုကတော့ ကိုယ်စီရင်ထဲမှာ အလွမ်းဆိုတာတော့ ရှိနေမှာပါပဲ..

“ လွမ်းလိုက်တာ“ လို့ ရင်ထဲကထွက်ပေါ်လာတဲ့ မမြင်ရတဲ့ နက်ရှိုင်းတဲ့အရာတစ်ခု…အဲဒီအရာက အလွမ်း တဲ့..

ထားခဲ့ရတဲ့ မြို့လေးကို လွမ်းတယ်..

ထားခဲ့ရတဲ့ ငါ့ မိသားစုလေးကို လွမ်းတယ်…

အဲဒီမြို့မှာတည်ရှိတဲ့ လှပတဲ့ ငါတို့ ဘုရားကျောင်းကို လွမ်းတယ်..

အဲဒီမြို့ရဲ ငါ အလုပ်လုပ်ခဲ့တဲ့ ဆေးရုံကို လွမ်းတယ်..

တစ်နေ့ တစ်နေ့ ကလေးတွေကို လေ့ကျင့်ခန်းလုပ်ပေးရင်း လူကြီးလူနာတွေကို ကုသပေးရင်း ပျော်ရွှင်ရယ်မောခဲ့ရတဲ့ နာရီတိုင်း စက္ကန့်တိုင်း ကိုလွမ်းတယ်..

အချစ်ဆုံးသူငယ်ချင်းတွေကို လွမ်းတယ်…

အဲဒီမြို့လေးရဲ့ သာယာလှပတဲ့ စိတ်နှလုံးကို အေးမြစေတဲ့ နေညိုချိန် အလှနဲ့ တောင်ပေါ်တန်းကိုလွမ်းတယ်…

သန့်စင်တဲ့လေနဲ့ ရှူမငြီးတဲ့ရေပြင် လိုက်ဖက်ပြီး လှပနေတဲ့ ကမ်းနားလမ်း ညနေခင်းကို လွမ်းတယ်..

အဲဒီမြို့လေးမှာ အမှတ်တရတွေ အများကြီးရှိခဲ့တယ်..

အဲဒါတွေကိုလွမ်းတယ်…

ပင်လယ်ကမ်းခြေ..

စက်စဲ တဲ့..

အဲဒီပင်လယ်မှာ ငါတို့အတူ ဆော့ခဲ့ဖူးကြတယ်..

သစ်ခေါင်းလေးထဲက ချိုမြတဲ့ ယမကာကို ခိုးသောက်ဖူးခဲ့တယ်..

သန့်စင်တဲ့ပင်လယ်လေကို လွတ်လပ်စွာ ရှိုက်ရင်း ဂစ်တာတစ်လက်နဲ့ သီချင်းတွေ သံပြိုင်သီဆိုရင်း ကိုယ်စီရင်ထဲက ခံစားချက်တွေကို ဖလှယ်ခဲ့ကြဖူးတယ်..ပင်လယ်ပြင်ကြီးက ငါ တို့ရဲ့ ရင်ဖွင့်သံကို ထောက်ခံအားပေးလို့…

လမင်းကြီးကလည်း ငါ တို့ကို ငုံ့ကြည့်ပြီး ပြုံးနေခဲ့လိမ့်မယ်….

သင်္ကြန်တဲ့…

ပူပြင်းခြောက်သွေ့တဲ့ နေပူပူကြီးထဲမှာ ကားမျိုးစုံ ဆိုင်ကယ် မျိုးစုံနဲ့ နေပူပူ ရေရွှဲရွှဲ သူများတကာတွေ လည်ပတ်ပျော်ရွှင်နေချိန်မှာ..

ငါတို့တွေကတော့ အေးမြတဲ့ အရိပ်အာဝါသအောက် လုံခြူံတဲ့ ဘုရားကျောင်း လှပတဲ့ တောင်တန်းတွေကာရံထားတဲ့နေရာ..

ဇွဲကပင်တောင်တည်ရှိရာ ရိုးသားလှတဲ့ ကရင်လူမျိုးစုလေးတွေရဲ့ ဌာနေ..နှုတ်သာ အသင်းတော်တဲ့..အဲဒီနေရာလေးမှာ ငါတို့တွေ အတူရှိခဲ့ပြီး အတူ ပျော်ခဲ့ဖူးတယ်နော်..သီချင်းဆိုရင်း ကျမ်းစာသင်ရင်း ..ပေါ့..အဲဒီတုန်းက ဇွဲကပင်တောင်ကြီးက ငါတို့နဲ့အတူ ပျော်နေခဲ့တယ်တဲ့…

ဒီဇင်ဘာလ…

ငါတို့တွေ သိပ်ပျော်ပြီး သိပ်အလုပ်ရှုပ်ခဲ့တဲ့ လလေးပေါ့..

ဆောင်းလေတွေရိုက်ခတ်မှုက ပတ်ဝန်းကျင်တွင်မကပဲ ငါတို့ရဲ့ နှလုံးသားတွေကိုပါ တိုက်ခတ်ခဲ့တယ်..ကိုယ်စီအေးမြခြင်းတွေနဲ့ပေါ့..

ခရစ်စမတ်သီချင်းလေးတွေ သံပြိုင်သီဆိုကြရပြီ..ဘုရားကျောင်း..သင်းအုပ်ဆရာအိမ်.ဆိုလိုက်ကြ ..စားလိုက်ကြ…ဒီလိုနဲ့..

နှင်းစက်တွေနဲ့အတူ..Carol Singing ထွက်ကြပါလေရော..

မှတ်မိပါသေးတယ်..အဲဒီတုန်းက ငါ တော်တော်လေး နေမကောင်းဖြစ်ခဲ့တာ..လူကြီးတွေ တားမြစ်တဲ့ကြားက မရ ရအောင်လိုက်ခဲ့တာ.. နောက်နေ့မှာတော့ဖြူဖြူဖွေးဖွေး Drip ပူလင်းေဲ့လးတန်းလန်းနဲ့…အိပ်ယာထက်မှာ ပလက်လေးနဲ့..ဒီလောက်လေးများဆိုပြီး အပြုံးမပျက်ခဲ့ပါဘူးနော်..24 ရက် ည ကိုလည်း မှတ်မိသေးရဲ့….သူငယ်ချင်းတွေနဲ့ မောင်လေး အားပြိုင်မှုမှာ ငါ သူငယ်ချင်းတွေဖက်က လိုက်ခဲ့လို့ မောင်လေးက စိတ်ဆိုးသွားခဲ့တာ..ငါ မှန်တယ်လို့ ခုထိ ခံယူတုန်း…အဲဒီညက ငယ်လေး လည်း အားကျမခံ ဆေးရုံလိုက်တက် ခဲ့တယ်..ခရစ်စမတ်မှာ သူ မပါဝင်နိုင်ခဲ့ဘူး..အဲဒီတော့ ငါတို့ရဲ ခရစ်စမတ်လေးက မဆိုစလောက်လေး အပျော်ပျက်ခဲ့ရသည်ပေါ့..

…….

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းခဲ့တယ်..

ငါတို့ရဲ့ သံယောဇဉ်တွေကတော့ မပြောင်းလဲပဲ ပိုမိုခိုင်မြဲလျှက်…

2012 ရဲ့ 1 လပိုင်းမှာပဲ..မမျှော်လင့်ပဲ အခြေနေတစ်ခုကြောင့် ငါ ချစ်တဲ့ မိသားစု..ငါ့ အသိုင်းဝိုင်း..ငါ့ ပတ်ဝန်းကျင်..ငါ ချစ်တဲ့ သူငယ်ချင်းတွေနဲ့ ခွဲခွာဖို့ ဖြစ်လာခဲ့တယ်..

ငါ့ရဲ့ နှုတ်ဆက်ပွဲ..

မပြီးစီးနိုင်တဲ့ နှုတ်ဆက်ပွဲတွေ အကြိမ်ကြိမ်နွဲရင်းနဲ့..

ခုတော့လည်း တစ်ယောက်တကွဲ..ဘ၀ရပ်တည်ရေးအတွက် ခွဲခွာကြရပြီ..

ငါ ယုံကြည်နေပါတယ်..

ဝေးကွာသွားပေမဲ့လည်း ကိုယ်စီရင်ထဲမှာ အလွမ်းတွေ ရှိနေမယ်ဆိုတာ…

သတိရခြင်းတွေရှိနေမယ်ဆိုတာ..

အမှတ်တရတွေ ရှိနေမယ်ဆိုတာ…

လမင်းငယ်..

မော်လမြိုင်မှ လူဆိုးကြီးများသို့……

 

ငါ့ရဲ့ အခန်းလေး.. March 11, 2012

Filed under: ကဗျာ — လမင်းငယ် @ 12:02 am

တံခါးဖွင့် ၀င်လိုက်ရုံနဲ့
ရှေ့နောက်တောင်မြောက် ပြန့်ကျဲနေတဲ့
စာအုပ်မျိုးစုံ..
သာယာငြိမ့်ညောင်း သံစဉ်လေးတွေနဲ့
ငါ့ကို အစဉ်ဖျော်ဖြေတဲ့ Music Box..
ကော်ဖီအနည်းငယ်ကျန်နေသေးတဲ့
ရုပ်ဆိုးလှတဲ့ ကော်ဖီခွက်..
ရေးလက်စ စာအုပ်နဲ့ ဘောပန်တစ်ချောင်း
ငြိမ်သက်ခြင်းနဲ့
တိတ်ဆိတ်ခြင်း…
ငါ့ရဲ့ အခန်းလေးထဲမှာ
ငါ..စာအုပ်မျိုးစုံဖတ်တယ်..
လွတ်လပ်စွာသီချင်းနားထောင်တယ်
လွတ်လပ်စွာတွေးတယ်
စာရေးတယ်
ပြတင်းပေါက်ဘောင်ပေါ်ထိုင်ပြီး ကော်ဖီသောက်ရင်း
ကျယ်ပြန့်လှတဲ့ မိုးကောင်းကင်ကို ကြည့်တယ်
ကြယ်တွေကို ရေတွက်တယ်
လမင်းကြီးနဲ့ စကားပြောတယ်..
ငါ့ရဲ့အခန်းထဲမှာ
Air con မရှိဘူး
ဒါပေမဲ့ သန့်စင်တဲ့သဘာဝလေတွေရှိတယ်.
ငါ့ရဲ့အခန်းထဲမှာ
ဇိမ်ခံပစ္စည်းတွေမရှိဘူး
ဒါပေမဲ့
ပျော်ရွှင်ခြင်းတွေရှိတယ်..
လွတ်လပ်ခြင်းတွေရှိတယ်.
ကျေနပ်ခြင်းတွေရှိတယ်..
နောက်ပြီး
ငါ့ရဲ့အခန်းလေးထဲမှာ
အလွမ်းအနည်းငယ်လည်း
ရှိနေခဲ့တယ်…

လမင်းငယ်

 

 
Follow

Get every new post delivered to your Inbox.

Join 197 other followers